“သူလိုမိန်းမသား ရှားမှရှား” တရားစာအုပ်သည် ဓမ္မရံသီစာစဉ်အမှတ် (၂) ဖြစ်ပါသည်။ ဝိပဿနာ တရား၏ စွမ်းအားကို ထူးခြားစွာ သာဓကပြသွားခဲ့သော သမီးလေး နန်းထက်ထက်အောင်အကြောင်း ´ အခြေခံဟောပြောသည့် တရားတော်ဖြစ်သည်။ ဝိပဿနာတရားပြအကျော် ဓမ္မရံသီဆရာတော်ဘုရား၏ လူသိများ ထင်ရှားသော တရားတော်လည်း ဖြစ်ပါသည်။
ဒီစာအုပ်ကလေးဟာ ရိပ်သာထဲက ယောဂီရဲ့ အတွေးမှတ်တမ်းလေးပါ။ ရိပ်သာ မဝင်ဖူးသေးသူ များအတွက် ရိပ်သာ ရသကို ရိပ်ဖမ်း သံဖမ်းမျှဖြစ်စေ မျှဝေ ခံစားစေမှာပါ။ ယောဂီသစ်အတွက် လမ်းညွှန် ဂိုက်ကောင်း ယောဂီဟောင်း အဖို့တော့ ကိုယ့်အတွေ့ ကိုယ့်အတွေးနဲ့ ချိန်စက်ကြည့်ဖွယ် မှတ်ကျောက် ဖြစ်လေမလား။
ဤ “ဗုဒ္ဓဘာသာငါးမျိုးနှင့် သစ္စာလေးပါးတရားတော်” ကျမ်းစာမှာ ဓမ္မရံသီမိုးကုတ်ရိပ်သာ ဆရာတော်၏ ထင်ရှားသည့်တရားတွဲဖြစ်ပါသည်။ ဓမ္မရံသီဆရာတော်ဘုရား အနယ်နယ်အရပ်ရပ် တရားစခန်းများ၊ တရားပွဲများတွင် ကြိမ်ဖန်များစွာ ဟောကြားတော်မူလေ့ရှိ၍ ယောဂီသာဝကများ အထူးနှစ်ခြိုက် ကြည်ညိုကြသောတရားတော် ဖြစ်ပါသည်။
ဓမ္မရံသီဆရာတော်ဘုရားသည် ဤ “ကြီးပွားကြောင်းရာ မင်္ဂလာ” တရားတော်ကြီးကို နိဒါန ဝဂ္ဂ၊ ပဋိစ္စသမုဒ္ဒပါဒ်သံယုတ်၊ သစ္စသံယုတ်၊ ခန္ဓဝဂ္ဂ၊ ဓမ္မသင်္ဂဏီ၊ မဟာသတိပဋ္ဌာန၊ မဟာနိဒါနသုတ် ပါဠိတော်များကို အခြေခံလျက် တစ်နေ့သုံးကြိမ်၊ (၁၀) ရက်တိတိ ဟောပြောတော် မူခဲ့ပါသည်။ ဆရာတော်ဘုရား၏ ဟောပြောချက်များကို စကားပြေအဖြစ် (၃၈) ဖြာ မင်္ဂလာတရားတော် ပေါ်လွင် စေရန် ရေးသားတင်ပြထားပါသည်။
စာဖတ်သူတို့ လက်ဝယ်ရောက်ရှိနေသော “အခြေခံ သမာဓိစခန်းမှ ပညာစခန်းသို့ တက်လှမ်းပုံ သတိပဋ္ဌာန်လေးပါး ရှုပွားနည်း အလုပ်သင်တရားတော်” ကျမ်းစာအုပ်မှာ ဓမ္မရံသီဆရာတော်ဘုရား ကိုယ်တိုင် (၁ဝ) ရက်တိတိ ညနေပိုင်းများတွင် ဟောပြောပေးခဲ့သော အလုပ်သင် တရားတော်များကို စုစည်းပေးထားခြင်းဖြစ်သည်။ သတိပဋ္ဌာန် လေးပါးလုံးကို စနစ်တကျ နားလည်သိရှိ၍ ရှုပွားနိုင်အောင် အသေးစိတ် ရှင်းလင်းစွာ ဟောပြပေးထားသဖြင့် တရားအားထုတ်လိုသူများ နည်းလမ်းကို လက်ဆုပ်မိမိ ရနိုင်ကြမည့် စာအုပ်တအုပ်ဖြစ်ပါသည်။
သစ္စာလိုလား သူတော်စင်များအတွက် ဤကျမ်းစာသည် (၁၅) နှစ်တာ ကာလအတွင်း မြန်မာပြည်အနှံ့ သာသနာပြု ဟောပြောပို့ချချက်မှ မှတ်တိုင်တစ်ခုဖြစ်သော ရန်ကုန် မြို့၊ အမှတ် (၈၂)၊ နတ်မောက်လမ်း၊ မိုးကုတ်ဝိပဿနာ တရားစဉ် နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ချုပ်ကြီး၌ “သစ္စာလိုလား ရှင်လူ များတွက်” အထူးပို့ချထားသော “နံနက်ပိုင်းသင်တန်း” တရားများ ဖြစ်ပါသည်။
ဤ စာအုပ်သည် ဓမ္မရံသီဆရာတော်ဘုရား၏ သက်တော် ၅ဝ ပြည့် ရွှေရတုပူဇာ၊ ဓမ္မရံသီ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူခဲ့သော (၂၅) နှစ်ပြည့်မြောက်ခြင်းကာလ ငွေရတုပူဇာ၊ ဆရာတော်ဘုရားအား ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ ကမ္မဋ္ဌာနစရိယ (၁၉၉၆)၊ ဓမ္မကထိက ဗဟုဇနဟိတဓရ (၂ဝ၁၂)၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ (၂ဝ၁၅) ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော် ခံရခြင်း ဂုဏ်ထူးဝိသေသများကို ချီးကျူးပူဇော်သောအားဖြင့် ပေါ်ထွက်လာသော စာအုပ်ဖြစ်သည်။
ဗုဒ္ဓဟောကြား မြတ်ပဋ္ဌာန်းတရားဒေသနာတော်ကြီးကို ကျေးဇူးတော်ရှင် အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ “အခြေပြုပဋ္ဌာန်းတရားတော်”နှင့် ကျေးဇူးတော်ရှင် အမရပူရမြို့၊ မင်္ဂလာရိပ်သာ၊ မိုးကုတ်ဆရာတော်ဘုရားကြီး၏ “အလုပ်ပေး အလုပ်သင် ပဋိစ္စသမုပ္ပါဒ်တရားတော်” များကို မှီခိုအားထားလျက် ဓမ္မရံသီဆရာတော်ဘုရား၏ ပြည်တွင်းပြည်ပ ဒေသအသီးသီး၌ ကြိမ်ဖန်များစွာ ဟောကြားခဲ့သည့် ပဋ္ဌာန်းတရားတော်များမှ အနှစ်ချုပ်၍ “ဗုဒ္ဓရည်မှန်း မြတ်ပဋ္ဌာန်း” တရားတော် စာအုပ်အဖြစ် ရေးသားတင်ပြထားခြင်းဖြစ်သည်။