ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်ခွမ်ကျေးရွာ၊ နမ့်ခွမ်းရွာဦးကျောင်း ဓမ္မရံသီမိုးကုတ်ဝိပဿနာပြန့်ပွားရေးဌာနကြီး ပေါ်ထွန်းလာပုံ နှင့် ဆောင်ရွက်ချက်များ
၁။ သန္ဓေနိဒါန်း ဓမ္မရံသီမိုးကုတ်ဝိပဿနာစခန်း
သာသနာတော် (၂၅၅၂)၊ ကောဇာသကရာဇ် (၁၃၇၀)ခု၊ ခရစ်နှစ်- ၂၀၀၉ ခုနှစ်၊ မတ်လ အတွင်း မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကုန်းမြင့်သာရပ်၊ ဓမ္မရံသီမိုးကုတ်ဝိပနာရိပ်သာကြီး၏ ဦးစီးပဓာန နာယကဖြစ်တော်မူသော ဘဒ္ဒန္တသုနန္ဒ (ဓမ္မရံသီဆရာတော်)အရှင်သူမြတ်သည် တုတ်-မြန်မာ နယ်စပ်မြို့လေး ဖြစ်သော မူဆယ်မြို့မှ မိုးကုတ်စခန်းဝင်ယောဂီများ၏ ပင့်လျေှက်မှုဖြင့် မူဆယ်မြို့သို့ ရောက်တော်မူခဲ့ပြီး (၁၇-၃-၂၀၀၉ )ရက်နေ့မှ (၂၀-၃-၂၀၀၉)ရက်နေ့ထိ (၄)ညတိုင်တိုင် ဓမ္မရံသီသစ္စာဓမ္မသဘင်ပွဲကို မဟာဝန်ကျောင်းတိုက်ကို ဓမ္မာရုံအတွင်း သစ္စာတရားတော်များကို ဟောကြားချီးမြင့်တော်မူခဲ့ပါသည်။ (၄)ညတိုင်တိုင် သစာတရားများနာကြားခဲ့ရသော မူဆယ်မြို့မှ မိုးကုတ်ယောဂီများ၏ တောင်းပန် လျှောက်ထားမှုဖြင့် ဓမ္မရံသီ ဆရာတော်သည် ယခုမျက်မှောက်တွင်ရှိသော ကျေးဇူးတော်ရှင် အဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန ဓမ္မရံသီမိုးကုတ် ဝိပဿ နာရိပ်သာကြီး ပေါ်ထွန်းလာမည့်နေရာတွင် သီတင်းသုံးတော်မူနေသည့် နမ့်ခွမ်ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တ နိပုဏ အရှင်သူမြတ်၏ ဘုန်းရိပ်ကံရိပ်မေတာရိပ်တို့ကို ခိုလုံ (၈-၆-၂၀၁၀)ရက်နေ့မှ (၁၅-၆-၂၀၁၀) ရက်နေ့ထိ ဓမ္မရံသီနာယကချုပ်ဆရာတော်ဘုရား ကိုယ်တော်တိုင် ဦးစီးလျှက် မူဆယ်မြို့၏ ပထမဦးဆုံးအကြိမ်အဖြစ် ဓမ္မရံသီမိုးကုတ်ဝိပဿ နာ (၇)ရက်အဓိဌာန် မီးငြိမ်းတရားစခန်းအား ဖွင့်လှစ်ဟောကြားတော်မူခဲ့ပါသည်။
၂။ စိတ်တူညီမျှမူဆယ်ဓမ္မရံသီအစ
(၇)ရက်အဓိဋ္ဌာန် မီးငြိမ်းတရားစခန်းအတွင်း ဟောကြားတော်မူခဲ့သော မိုးကုတ်ဝိပဿ နာတရားစဉ်များနှင့် အမျိုး ဘာသာ သာသနာပြု တရားဓမ္မများနာကြားရသော ဒေသခံ ဒါယကာ၊ ဒါယိကာမများသည်ရှမ်းပြည်နယ် မြောက်ပိုင်းရွှေလီမြစ်ဝှမ်း နယ်စပ်ဒေသလုံးဆိုင်ရာ နယ်သူနယ်သားများ မှီခိုအားထား ပွားများအားထုတ်ခွင့်ရမည့် သာသနာပြုရာဌာနကြီးတစ်ခု တည်ထောင်ကြမည်ဟု စိတ်တူညီမျှ တိုင်ပင်ဆုံးဖြတ်ကြပြီး ဓမ္မရံသီဆရာတော်ဘုရားထံ တင်ပြလျှောက်ထားကြရာ ဆရာတော်မှ လက်ခံ အတည်ပြုတော်မူခဲ့ပါသည်။ ထိုကဲ့သို့အတည်ပြု သတ်မှတ်စေပြီးလျှင် ပထမအကြိမ် (၇)ရက်အဓိဋ္ဌာန် မီးငြိမ်းတရားစခန်းအောင်ပွဲနေ့ဖြစ်သော (၁၆-၆-၂၀၁၀) ရက်နေ့တွင် မူဆယ်မြို့ပေါ်သက်တော်ရှည် ဆရာတော်ကြီးများနှင့် သံဃာနာယကဆရာတော်များအား သြဝါဒစရိယဆရာတော်များအဖြစ် လည်းကောင်း၊ နမ့်ခွမ်ဆရာတော်ဘုရား၊ ဓမ္မရံသီဆရာတော်ဘုရားနှင့် တပည့်ဓမ္မကထိက ဆရာတော် များအား နာယကဆရာတော်များအဖြစ်လည်းကောင်း၊ မြို့ခံရပ်မိရပ်ဖ ဂုဏ်သရေရှိလူကြီးမင်းတို့အား နာယကလူကြီးမင်းများအဖြစ်လည်းကောင်း၊ သဒါထက်သန်အားမာန်ပြည့် လူလတ်ပိုင်းများအား အလုပ်အမှုဆောင်များအဖြစ်လည်းကောင်း၊ ခွန်အားပြည့်ဝလူငယ်များက အမှုဆောင်အဖွဲ့ဝင်များအဖြစ် လည်းကောင်း မူဆယ်ဓမ္မရံသီသာသနာ့နုဂ္ဂဟ ပင်မဝေယျာဝစ္စအဖွဲ့ကြီးကို သာသနာတော်ပြန့်ပွားရေး အတွက် ရည်ရွယ်ဖွဲ့စည်းစေခဲ့ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။
၃။ ဝသုန်မြေထုရှာဖွေစု သာသနိကတည်ဆောက်လှူဒါန်း
နမ့်ခွမ်ဆရာတော်ဘုရားနှင့် ဓမ္မရံသီဆရာတော်တို့၏ စီမံလမ်းညွှန်မှု သြဝါဒခံယူ မူဆယ်ဓမ္မရံသီသာသနာ့နုဂ္ဂဟပင်မဝေယျာဝစ္စအဖွဲ့ကြီးမှ ဦးဆောင်လျှက် ဒေသခံဒါယကာ၊ ဒါယိကာမတို့၏ ပစယာနုဂ္ဂဟကိုခံယူပြီး သာသနာပြုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ရည်ရွယ် ပုဂ္ဂလိကဓိဋ္ဌာန်မဖက် ဓမ္မဓိဋ္ဌာန်သက်သက်ဖြင့် (၁၄-၆-၂၀၁၀)ရက်နေ့မှ (၂၄-၁၀-၂၀၁၃)ရက်နေ့အထိ မူလမြေ(၂)ဧကနှင့် ဆက်စပ်လျှက်ရှိသော မြေဧရိယာ(၅)ဧကအားဝယ်ယူပြီး သူပိုင် ငါပိုင် ဘုန်းကြီးပိုင် မည်သည့် အဖွဲ့ပိုင်မှ မလုပ်ဘဲ မူဆယ်မြို့ နမ့်ခွမ်ရွာကျောင်း ဓမ္မရံသီမိုးကုတ်ဝိပနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးဌာနအဖြစ် စုဆောင်းဝယ်ယူလှူဒါန်းကြပါသည်။ ဗုဒသာသနာတော် အဓွန့်ရှည်ရေး ရည်ရွယ် ဆောင်ရွက်ခြင်းနှင့် စောင့်ရှောက်ခြင်းသာဖြစ် ပိုင်ဆိုင်ခြင်းမဟုတ်။ ဆရာ၊ ဒကာညီညွှတ်စွာ ဆုံးဖြတ်အတည်ပြုကြ သာသနာ့မြေနေရာရှိရေးအား အမှုဆောင်အဖွဲ့မှ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါသည်။ ယခုအခါ မူဆယ်မြို့ နမ့်ခွမ်ရွာဦးကျောင်း ဓမ္မရံသီမိုးကုတ်ဝိပနာပြန့်ပွားရေးဌာနကြီး၏ မြေဧရိယာပမာဏသည် (၇)ဧက တည်ရှိပြီး ထိုသာသနာ့မြေပေါ်တွင် သာသနိကအဆောက်အဦးများ ဆောင်လုပ်နိုင်ရေးအတွက် (၂၀၁၀)ခုနှစ်မှစ၍ နိဗ္ဗဒ္ဒကုသလဒါနဘဏ်အသင်းကိုတည်ထောင်စေလျှက် နှစ်စဉ်ဝါခေါင်လတွင် ထိုဘဏ်စုပုံးများအား စုပေါင်းရေစက်ချလှူဒါန်းစေပြီး သီးခြားအလှူှင်တို့၏ ကုသိုလ်တော်တို့ဖြင့် ပေါင်းစပ် သာသနာ့မြေပေါ်တွင်
(၁) စခန်းဝင်ယောဂီများ တရားအားထုတ်ရန်လွယ်ကူစေရေးအတွက် ယခင်ကျောင်းဆောင်အားတိုးချဲ့ပြင်ဆင်ခြင်း၊
(၂) ယောဂီ(၂၀၀)ဆံ့ ယာယီဆွမ်းစားဆောင်ဆောက်လုပ်ခြင်း၊
(၃) အမျိုးသမီးယောဂီဆောင်များ ဆောက်လုပ်ခြင်း၊
(၄) ဝယ်ယူပြီးသည့် သာသနာ့မြေပေါ်တွင် အဆောက်အဦးများတည်ဆောက်နိုင်ရန် မြေညိခြင်း၊ လမ်းဖောက်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊
(၅) ယောဂီ(၁၀၀၀)ဆံ့ သစာဏ်ရောင်ဓမ္မဗိမာန်တော် (၂)ထပ်တည်ဆောက်ခြင်းနှင့် ဝေဟင်ဓါတုဓမ္မစတီတော် တည်ထားကိုးကွယ်ခြင်း၊
(၆) နာယကကျောင်းဆောင်တော် (၂)ဆောင်တည်ဆောက်ခြင်း၊
(၇) ဓမ္မမာမကရုံးခန်းတည်ဆောက်ခြင်း၊
(၈) အဝီစိရေတွင်း(၄)တွင်း တူးဖော်ခြင်း၊
(၉) (၂၀၀)ကေဗွီ ထရမ်စဖော်မာလျှပ်စစ်မီး သွယ်တန်းခြင်း၊
(၁၀) သစ္စာဓိဋ္ဌာန်ဓမ္မရံသီကျောက်တိုင်နှင့် ဓမ္မရံသီပန်းခြံ တည်ဆောက်ခြင်း လုပ်ငန်းများအား
ဓမ္မရံသီဆရာတော်ဘုရား၏ သြဝါဒအတိုင်း အမှုဆောင်အဖွဲ့မှ အားကျိုးမာန်တက်ဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခါ တည်ဆောက်မှုလုပ်ငန်းများမှာ ရိပ်သာတစ်ခုလုံး၏ (၅၀)ရာခိုင်နှုန်းခန့်ပြီးစီးပြီ ဖြစ်ပါသည်။ မပြီးမြောက်သေးသော သာသနိကအဆောက်အဦးများအား အလုံးစုံပြီးမြောက်နိုင်စေရေးအတွက် အမှုဆောင်အဖွဲ့မှ ဆက်လက် စီမံဆောင်ရွက်သွားပါမည်။
၄။ အနာဂတ် အမျိုး ဘာသာ သာသနာရေးဆိုင်ရာ ဆောင်ရွက်ဖွယ်ရာများ
မူဆယ်မြို့ နမ့်ခွမ်ရွာဦးကျောင်း ဓမ္မရံသီမိုးကုတ်ဝိပနာပြန့်ပွားရေးဌာနကြီး တာဝန်ခံ ဦးစီးပဓာန နာယကဆရာတော် မဟာနာယကဆရာတော်နှင့် နမ့်ခွမ်ရွာကျေးရွာ ဓမ္မရံသီ သာသနာနုဂ္ဂဟ ပင်မဝေယျာဝစ္စ အဖွဲ့သည်-
(က) မိုးကုတ်ဝိပဿနာမူဖြင့် ( ၁၀ )ရက် တရားစခန်းပွဲများရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် အခါအားလျော်စွာ စဉ်ဆက်မပျက် ကျင်းပပြုလုပ်ကြရမည်။
(ခ) လူငယ်တရားစခန်းပွဲများရှမ်းဘာသာ၊မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်ကြရမည်။
(ဂ) ကလေးယဉ်ကျေးလိမ္မာ ဓမ္မသင်တန်းများကိုရှမ်းဘာသာ၊မြန်မာဘာသာဖြင့် ပြုလုပ်ကြ ရမည်။
(ဃ) နေ့စဉ် အာစိဏ္ဏကံ သတ်မှတ်အားထုတ်ကြရမည်။
(င) စွမ်းနိုင်သမျှပရိယတ္တိသာသနာတော်ကို ချီးမြောက်ထောက်ပံ့၊ မွေးမြူတည်ထောင်နိုင်အောင်ကြိုးစားကြရမည်။
(စ) အမျိုး ဘာသာ သာသနာရေးဆိုင်ရာ လုပ်ငန်းများကို စွမ်းနိုင်သမျှ ကြိုးစား လုပ်ဆောင်ကြရမည်။
ထိုကဲ့သို့ ဆောင်ရွက်ဖွယ်ရာတွင် ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်းသာ ဆောင်ရွက်ကြရန်ဟု ဓမ္မရံသီဆရာတော်မှလမ်းညွှန်ပြတော်မူခဲ့သဖြင့် အမှုဆောင်အဖွဲ့မှ စီမံဦးစီး
(၁) ဝါတွင်းကာလ(၁၀)တရားစခန်းပွဲ ( ၂၀ )ကြိမ်၊
(၂) သင်္ကြန်တွင်းစုပေါင်းဒုလ္လဘရှင်ပြုရဟန်းခံနှင့် (၁၀)ရက်အထူးတရားစခန်းပွဲ ( ၆ )ကြိမ်၊
(၃) ကုလရက္ခိတလူငယ်ယဉ်ကျေးလိမ္မာ(၁၀)ရက်အထူးတရားစခန်း ( ၅ )ကြိမ်၊
(၄) သီတင်းကျွတ်ကာလတွင်ရှမ်းဘာသာဖြင့် (၇)ရက်အထူးတရားစခန်း( ၆ )ကြိမ်၊
(၅) ယဉ်ကျေးလိမ္မာမွမ်းမံသင်တန်းများအား အခါအားလျှော်စွာ ကျင်းပခဲ့ပါသည်။
(၆) ဓမ္မရံသီပရိယတ္တိစာသင်တိုက်ကြီးဖြစ်မြောက်ရေးအတွက် ဓမ္မရံသီနိဗ္ဗဒ္ဒကုသလဒါန သာသနပစ္စယာနုဂ္ဂဟ နှစ်စဉ်ပစ္စည်းလေးပါးအလှူတော်အသင်း(မူဆယ်)ကျပ်သိန်း(၁၀၀)ဓမ္မရံသီမိသားစုစိတ်ဓါတ်ပီပြင်စွာတည်ဆောက်နိုင်ရေးအတွက် မတည်လို့ပါဝင် လှူဒါန်းနိုင်ခဲ့ပါသည်။
ထိုကဲ့သို့ဆောင်ရွက်ချက်များကို (၈)နှစ်တာကာလအတွင်း ဓမ္မရံသီဆရာတော်ဘုရား၏ စီစဉ်ညွှန်ကြားမှု သြဝါဒအတိုင်း အမှုဆောင်အဖွဲ့မှ အောင်မြင်စွာဆောင်ရွက်ခဲ့ကြပါသည်။
နိဂုံးချုပ်အနေဖြင့် ရှင်တော်မြတ်ဗုဒ္ဓ၏ သာသနာတော် သန့်ရှင်းတည်တံ့စေခြင်းငှာ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဥပနိဿယအတိုင်း ဓမ္မရံသီနာယကချုပ်ဆရာတော်ဘုရား၏ စီစဉ်ညွှန်ကြားမှု သြဝါဒအတိုင်း ကျွန်တော်များ မူဆယ်ဓမ္မရံသီသာသနာနုဂ္ဂဟ ပင်မဝေယျာဝစ္စ အဖွဲ့ကြီးသည် အားကြိုးမာန်တက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြမည်ဟု သစ္စာအဓိဌာန်ပြုရင်း နိဂုံးချုပ်အပ် ပါသည်။