မြန်မာပြည်အရပ်ရပ်ရှိ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးများ၏
အဓိပတိနာယကချုပ် ဓမ္မရံသီဆရာတော်ဘုရား၏
ထေရုပ္ပတ္တိနှင့် ဂုဏပူဇာဂုဏ်အဖြာဖြာ
၁။ မွေးဖွားရာဇာတိ
ဆရာတော်လောင်းလျာကို (၁၃၂၇) ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆) ရက် (၂၁.၅.၁၉၆၅) သောကြာ နေ့ နံနက် (၄ နာရီ ၃ဝ မိနစ်) တွင် ခမည်းတော် ဦးအောင်ကျော် + မယ်တော် ဒေါ်မြသောင်းတို့မှ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာတွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ မွေးချင်း(၆) ယောက်အနက် ပဥ္စမမြောက် သားရတနာဖြစ်ပြီး ငယ်မည်မှာ မောင်ကျော်သန်းဖြစ်သည်။ ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့တွင် အတန်းကျောင်းပညာကို အဋ္ဌမတန်းအောင်မြင်သည်အထိ သင်ယူခဲ့ပါသည်။
၂။ သာသနာ့ဘောင်သို့ဝင်ရောက်ခြင်းနှင့် ပရိယတ္တိစာပေဆိုင်ရာသင်ယူအောင်မြင်ခြင်း
သက်တော် (၁၄) နှစ် (၁၉၇၉ မတ်လ ၁၈-ရက်)တွင် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့၊ သာသနာ့ ရောင်ခြည်ကျောင်းတိုက်ဆရာတော် ဦးအာစိဏ္ဏကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေပြုခဲ့ပြီး ပရိယတ္တိအခြေခံ စာ၀ါများကို သင်ယူခဲ့ပါသည်။ သက်တော် (၁၆)နှစ် မှ (၁၈)နှစ် ထိ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက်၊ ပဓါနနာယက ဆရာတော်ဘုရားကြီးနှင့် တိုက်အုပ်ဆရာတော်၊ စာချ ဆရာတော်များ ထံမှ မူလတန်း၊ အငယ်တန်း၊ အလတ်တန်းနှင့် အဘိဓမ္မာသုံးဆင့်အထိ ပရိယတ္တိဆိုင်ရာ စာပေပညာတို့ကို သင်ယူအောင်မြင်ခဲ့ပါသည်။
၃။ ပရိယတ္တိစာပေဆိုင်ရာ ဆက်လက်သင်ယူအောင်မြင်ခြင်း
သက်တော် (၁၈) နှစ်မှ (၂၄) နှစ်အထိ (၇) နှစ်တိုင်တိုင် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ မဟာနာယက၊ နာယက၊ အနုနာယက၊ ဂဏဝါစက စာချဆရာတော်ဘုရားများထံမှ ပထမကြီးတန်းနှင့် သာမဏေကျော်လင်္ကာရ ပထမအဆင့်၊ ဒုတိယအဆင့်တိုကို သင်ယူအောင်မြင်ခဲ့ပါသည်။ ဆက်လက်၍ ဓမ္မာစရိယနှင့် သာမဏေကျော် တတိယဆင့်ဆိုင်ရာ စာပေများကို ဆက်လက် သင်ယူဆည်းပူးရင်း မျက်စိ ကျန်းမာရေးထိခိုက်မှုများကြောင့် နာယကဆရာတော်ဘုရားများ၏ သြဝါဒကိုခံယူလျက် ပရိယတ္တိစာပေ သင်ယူခြင်းမှ ရပ်နားခဲ့ရပါသည်။
၄။ ရဟန်းအဖြစ်သို့ရောက်တော်မှုခြင်း
သက်တော်(၂ဝ)ပြည့်၊ (၁၉၈၆) ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့တွင် ဘွားဘွားဒေါ်သိန်းခင်နှင့် မိဘနှစ်ပါးဖြစ်သော ခမည်းတော် ဦးအောင်ကျော် + မယ်တော် ဒေါ်မြသောင်းတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီးအား ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော် မူခဲ့ပါသည်။
၅။ ပရိယတ္တိစာပေပို့ချခြင်းနှင့် ပဋိပတ္တိ ဓမ္မများလေ့လာအားထုတ်ခြင်း
ဆရာတော်လောင်းလျာသည် ပရိယတ္တိစာပေသင်ယူခြင်း ရပ်နားခဲ့ရသော်လည်း (၁၉၉ဝ မှ ၁၉၉၂) ခုနှစ်အတွင်း မိမိအောက်တန်းငယ် စာသင်သားများအား အသင်းနှင့် ပထမပြန်ဆိုင်ရာ စာပေများ ပို့ချရင်း ပဋိပတ္တိ ဓမ္မကျင့်စဉ်ဆိုင်ရာများကို လေ့လာမှတ်သားဆည်းပူးခဲ့ပါသည်။ ဆရာတော်လောင်းလျာသည် (၁၉၉၂) ခုနှစ်မှစ၍ (၂)နှစ်တာ ကာလကြာသည့်တိုင် အမရပူရမြို့ သံဝေဇနိယဌာန ပင်မ-မင်္ဂလာမဂ္ဂင်ရိပ်သာ နာယကဆရာတော် ဦးဇောတိက (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဓမ္မာစရိယ)၊ ဆင်ဖြူကျွန်းဆရာတော် ဦးဓမ္မသာရ၊ (မိုးကုတ်အဖွဲ့ချုပ် ကမ္မဋ္ဌာနာစရိယ) ဆရာတော် ဦးကုမာရ (သံဝေဇနိယဌာန၊ ကမ္မဋ္ဌာနာစရိယ)တို့ထံမှ ရှင်တော်မြတ်ဗုဒ္ဓ၏ အလိုတော်ကျ ခန္ဓာဉာဏ်ရောက် ပဋိစ္စသမုပ္ပါဒ်, ဒိဋ္ဌိဖြုတ်နှင့် ဝိပဿနာကျင့်စဉ် များကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း ပဋိပတ္တိဆိုင်ရာ အကျင့်မြတ်တို့အား အခြေခံကျကျ ကျင့်ကြံအားထုတ်ရင်း လေ့လာ ဆည်းပူးခဲ့ပါသည်။ ထိုမှတစ်ဖန် (၁၉၉၃) ခုနှစ် မေလဆန်းပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မှန်ပြတောင် တောရဆရာတော် ဘဒ္ဒန္တသံဝရ(ကမ္မဋ္ဌာနာစရိယ)အရှင်သူမြတ်ထံပါးမှ ပဋိပတ္တိ ကျင့်စဉ်ဆိုင်ရာတို့ကို ထပ်မံ၍ ဆည်းပူးသင်ယူပွားများအားထုတ်ခဲ့ပါသည်။
၆။ ပြည်တွင်းနယ်လှည့်သာသနာပြုခြင်း
ဆရာတော်သည် (၁၉၉၅)ခု ဧပြီလသင်္ကြန်တွင်း (၁ဝ)ရက် အထူးတရားစခန်းကို မိုးကုတ်မြို့၊ ကုန်းမြင့်သာယာရပ်၊ ကုန်းတော်ပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ထိုနေရာဒေသ၌ပင် ဓမ္မရံသီမိုးကုတ်ရိပ်သာ ကျောင်းတိုက်ကြီးကို စတင်တည်ထောင်ကာ မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်း တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးသို့ တရားစခန်းပွဲများ, သစ္စာဓမ္မသဘင် ညအထူးတရားပွဲများ မြောက်များစွာကို ဟောကြား ချီးမြှင့် သာသနာပြုတော်မူခဲ့ပါသည်။
၇။ ပြည်ပသို့ သာသနာပြုကြွရောက်ခြင်း
ဆရာတော်၏ ပြည်တွင်းသာသနာပြု သက်တမ်း ဆယ်စုနှစ်တစ်ခု ကျော်လွန်လာသောအခါ ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ သနာပြုအနေဖြင့် ပင့်လျှောက်ခဲ့ကြရာ (၂ဝဝ၇) ခုနှစ်တွင် စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများသို့လည်းကောင်း (၂ဝဝ၈) ခုနှစ်တွင် သြစတေးလျနိုင်ငံ၊ (၂ဝဝ၉/၁ဝ) ခုနှစ်များတွင် အမေရိကန်နိုင်ငံ၊ (၂ဝ၁၁/၁၂) တွင် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် အစရှိသော နိုင်ငံများနှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် ဓမ္မသဘင်ကျင်းပရာခန်းမတို့၌ မြန်မာဝန်ထမ်းမိသားစုများနှင့် ဘာသာရေးသုတေသန ရှာမှီးသူအပေါင်းတို့အား ရှင်တော်မြတ်ဗုဒ္ဓ၏ အလိုတော်ကျ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယ အတိုင်း တရားစခန်းပွဲများ၊ သစ္စာဓမ္မသဘင် အထူးတရားပွဲများဖြင့် ပြည်ပသာသနာပြု ကြွရောက်တော်မူခဲ့ပါသည်။ ဆရာတော်သည် တစ်နှစ်လျှင် ပျှမ်းမျှတရားပွဲပေါင်း (၆ဝဝ) နီးပါး ဟောကြားချီးမြှင့်တော်မူလျှက် ရှင်တော်မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ဇွဲလုံ့လ၀ီရိယကြီးမာစွာ အားမာန်အပြည့် သာသနာပြုတာ၀န်တော် ထမ်းရွက်တော်မူခဲ့သည်မှာ နှစ်ပေါင်း (၃၀) နှစ်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၈။ သာသနာရေးနှင့် ပရဟိတဆိုင်ရာများ ဆောင်ရွက်ခြင်း
ဆရာတော်သည် သာသနာပြု ဓမ္မဒူတလုပ်ငန်းစဉ်များ မနားမနေဆောင်ရွက်ရင်း ပရိယတ္တိ သာသနာတော်ကြီးအား ပူဇော်သောအားဖြင့် မိုးကုတ်မြို့တွင် ပါဠိပထမပြန် စာမေးပွဲများ ကျင်းပနိုင်ရေး ဆွမ်းနှင့်လိုအပ်ရာရာတို့အတွက် န၀ကမ္မ၀တ္ထုတို့ မတည်ထောက်ပံ့ ပေးလှူခြင်း၊ သာသနာပြုဓမ္မဒူတခရီး ရောက်ရှိရာ ဒေသအသီးသီးရှိ ကျောင်းတိုက်အသီးသီးသို့ ပရိယတ္တိ ပဒေသာပင်များ စဉ်ဆက်မပြတ် စိုက်ထူလှူဒါန်းခြင်းနှင့်အတူ မန္တလေးမြို့ ဓမ္မရံသီမိုးကုတ်ရိပ်သာ ကျောင်းတိုက်ကြီးအတွင်း ပရိယတ္တိ စာသင်တိုက်အဖြစ် သံဃာအပါး (၁ဝဝ)ကျော်ကို လက်ခံကာ သာသနာပြုဘက် နောင်တော်, ညီတော်တို့ နှင့်အတူ တပည့်သားသံဃာတော်တို့၏ ကြိုးစားဆောင်ရွက်မှုဖြင့် ပရိယတ္တိစာပေ သင်ကြားပို့ချခြင်း လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျှက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မဇ္စျိမာလင်္ကာရ သာမဏေကျော် စာမေးပွဲဖြစ်မြောက်ရေး ဦးဆောင်ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ကာ “သာမဏေကျော်လင်္ကာရ” အရှင်ကောင်း အရှင်မြတ်များ ပေါ်ထွန်းရေး ဆောင်ရွက်လျှက်ရှိပါသည်။
၉။ ပဋိပတ္တိနှင့် ပရိယတ္တိ ကျောင်းတိုက်များတည်ထောင်ခြင်း
(၁၉၉၅) ခုနှစ် မှ (၂၀၂၂) ခုနှစ်အထိ ပဋိပတ္တိနှင့် ပရိယတ္တိ ကျောင်းတိုက်များကို မိုးကုတ်၊ မုံရွာ၊ မန္တလေး၊ မူဆယ်၊ ရန်ကုန်၊ တောင်သာ၊ နေပြည်တော် စသည့် (၇) ဌာနတို့တွင် အောင်မြင်စွာ တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ပြီး (၈) ခုနှင့် (၉) ခုမြှောက် သာသနာပြုဌာနအဖြစ် ပြင်ဦးလွင်မြို့နှင့် ကျောက်မဲမြို့တို့တွင် ဆက်လက်တည်ထောင်သွားရန် ဆောင်ရွက်နေပါသည်။
၁၀။ စာပေရေးသားခြင်းနှင့် ထွက်ရှိပြီးစာအုပ်များ
ဆရာတော်သည် သာသနာပြုလုပ်ငန်းများကို နေ့မနားညမအား စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက် ရင်းကပင် အနည်းငယ်အချိန်ယူကာ ကမ္မဋ္ဌာန်းဆိုင်ရာ ဓမ္မစာပေကျမ်းစာများကိုလည်း အလျင်းသင့်သလို ပြုစုရေးသားနေပါသည်။ ဆရာတော်၏ ထွက်ရှိပြီး ဓမ္မစာပေကျမ်းစာများမှာ
(က) ဗုဒ္ဓဘာသာငါးမျိုးနှင့် သစ္စာလေးပါး
(ခ) သူလိုမိန်းမသားရှားမှရှား
(ဂ) ခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပျောက် ပဋိစ္စသမုပ္ပါဒ်သင်တန်းတရား
(ဃ) ကြီးပွားကြောင်းရာ မင်္ဂလာ
(င) ဗုဒ္ဓရည်မှန်းမြတ်ပဋ္ဌာန်း
(စ) သတိပဋ္ဌာန်လေးပါးနှင့် အခြေခံ၀ိပဿနာရှုပွားနည်း
(ဆ) ရွှေရတုတရားတော်များ အမှတ်စဉ်(၁)
(ဇ) ရွှေရတုတရားတော်များ အမှတ်စဉ် (၂) တို့ဖြစ်သည်။
ဓမ္မရံသီနာယကချုပ်ဆရာတော်ဘုရားသည် လောကီ,လောကုတ္တရာ ပညာရေးဆိုင်ရာ အထောက် အပံ့မျိုးစုံ လှူဒါန်းထောက်ပံ့ပေးခြင်းနှင့် တိုင်းပြည်၏ လိုအပ်ချက်နှင့်အညီ အခြားပရဟိတ လုပ်ငန်းများ ကိုလည်း ကဏ္ဍပေါင်းစုံမှ ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။
၁၁။ နိုင်ငံတော်မှ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခြင်း
ဓမ္မရံသီနာယကချုပ်ဆရာတော်၏ ပရိယတ္တိ၊ ပဋိပတ္တိဆိုင်ရာလုပ်ငန်းများနှင့် အမျိုးဘာသာ သာသနာပြု လုပ်ငန်းများကို ပြည်တွင်းပြည်ပ နှစ်ဌာနတို့တွင် မနားမနေ ကြိုးစားဆောင်ရွက်မှုအပေါ် ဂုဏ်ပြုပူဇော်သောအားဖြင့် နိုင်ငံတော်မှ (၂၀၀၈) ခုနှစ်တွင် ‘‘ကမ္မဋ္ဌာနာစရိယ’’ဘွဲ့တံဆိပ်တော်၊ (၂၀၁၃) ခုနှစ်တွင် ‘‘ဓမ္မကထိကဗဟုဇနဟိတဓရ’’ ဘွဲ့တံဆိပ်တော်၊ (၂၀၁၅) ခုနှစ်တွင် ‘‘မဟာကမ္မဋ္ဌာနာစရိယ’’ ဘွဲ့တံဆိပ်တော်၊ (၂၀၂၀) ခုနှစ်တွင် ‘‘မဟာဓမ္မကထိက ဗဟုဇနဟိတဓရ’’ ဘွဲ့တံဆိပ်တော်၊ (၂၀၂၃) ခုနှစ် တွင် ကမ္မဋ္ဌာန်းနည်းပြဘွဲ့တံဆိပ်တော်တို့တွင် အမြှင့်ဆုံးဖြစ်သော အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်တို့ကို အပ်နှင်းဆက်ကပ် ပူဇော်ခဲ့ပါသည်။
(၂ဝ၁၃) ခုနှစ်မှစ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့(ဗဟို)၏ ဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ရင်း မြန်မာပြည်အဝှမ်း ယဉ်ကျေးလိမ္မာ ဓမ္မသင်တန်းများ ဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှုပြုပေးတော်မူခဲ့သည်။ ထို့အပြင် တိုင်းပြည်၏အနာဂတ် မျိုးဆက်သစ်လူငယ်မောင်မယ်တို့အား လိမ္မာရေးခြားရှိစေရေး၊ အတွေးအခေါ် မှန်ကန်စေရေး၊ ငယ်ရွယ်စဥ်အခါကပင် မြတ်ဗုဒ္ဓ၏ အဆုံးအမတို့ ရင်မှာကိန်း၀ပ်နေစေရေး ''ဓမ္မရံသီကုလရက္ခိတ လူငယ်အထူးတရားစခန်း’’ ပွဲများကိုလည်း ဖွင့်လှစ်ပေးခဲ့ ပါသည်။
ထိုကဲ့သို့ လောကီ-လောကုတ်၊ လူငယ်- လူကြီး၊ ပရိယတ်-ပဋိပတ်၊ ဘာသာရေး-လူမှုရေး လုပ်ငန်း စဥ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ခြင်းကြောင့် (၂ဝ၁၅) ခုနှစ် မေလ (၅) ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးမှ ‘‘နိုင်ငံ့စွမ်းဆောင်ရည်’’ (နိုင်ငံ့ဂုဏ်ရည်) လက်မှတ် ဆက်ကပ်ပူဇော်ခြင်းကိုလည်း ခံယူတော် မူခဲ့ပါသည်။ ထို့အပြင် သံဃာတော်များဆိုင်ရာ ဘက်စုံသာသနာပြု စွမ်းရည်မြှင့်နှင့် ကမ္မဋ္ဌာန်းပြဓမ္မကထိက သင်တန်းကိုလည်း ဝါတွင်းကာလ ရက် (၁၀၀) တိုင်တိုင် ပို့ချပေးလျှက်ရှိပါသည်။
၁၂။ ယခုအခါ ဆရာတော်သည် ပရိယတ်၊ ပဋိပတ်ဆိုင်ရာနှင့် ကမ္မဋ္ဌာနာစရိယ၊ ဓမ္မကထိကသင်တန်း များ၊ ရဟန်းပုဂ္ဂိုလ်/လူပုဂ္ဂိုလ်များဆိုင်ရာ ‘‘သာသနာပြုခေါင်းဆောင်မှုသင်တန်းများ’’၊ အနာဂတ်တိုင်းပြည် ရတနာ မျိုးဆက်သစ်လူငယ်မောင်မယ်တို့၏ နှလုံးသား၌ဉာဏ်ဘုရားတည်နိုင်ရန်အတွက် ယဉ်ကျေးလိမ္မာ သင်တန်းများ၊ လူငယ်အထူးတရားစခန်းများအပါအဝင် ပြည်တွင်းပြည်ပ ဓမ္မသဘင်နှင့် တရားစခန်းပွဲ များကို ဆယ်စုနှစ်(၃)ခုကျော်သို့တိုင်အောင် မနားမနေဆက်လက်၍ သာသနာပြုလျှက်ရှိတော်မူပါသည်။