မြတ်စွာဘုရားရှင်သည် သက်တော် (၈၀)အရွယ်တော်တွင် ဝေသာလီပြည်အနီး တောင်ဘက်ရှိ ဝေဠုဝရွာသို့ ကြွတော်မူ၍ ဘုရားရှင်၏ (၄၅) ဝါမြောက် နောက်ဆုံး ဝါဆိုဝါကပ်တော်မူခဲ့ပါသည်။ ဝေဠုဝရွာ၌ သီတင်းသုံးနေတော်မူစဉ်အချိန်၌ မြတ်စွာဘုရားရှင်သည် နာမကျန်းဖြစ်ကာ ဝေဒနာပြင်းစွာ ဖြစ်လာခဲ့သည်။ ဖလသမာပတ် ဝင်စား၍ ဝေဒနာကို ထိန်းချုပ်တော်မူပြီး တပည့်သာ၀က ရဟန်းများကို စုဝေးစေကာ နောက်သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံတော်မူမည်ဖြစ်ကြောင်း အသိပေးတော်မူပါသည်။
ဝါကျွတ်သောအခါ သာဝတ္ထိပြည်သို့ မြတ်စွာဘုရားရှင် ကြွတော်မူသည်။ ထိုစဉ်အခါ လက်ယာတော်ရံ အရှင်သာရိပုတ္တရာသည် မိမိ၏ဇာတိ နာဠကရွာရှိ မယ်တော်ကြီး၏ တိုက်ခန်း၌ တန်ဆောင်မုန်း လပြည့်နေ့ညတွင် ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ထို့နောက် တန်ဆောင်မုန်း လကွယ်နေ့ညတွင် လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ မြတ်စွာဘုရားရှင်သည် ဝေသာလီပြည်သို့ ကြွတော်မူပြီးနောက် ဝေသာလီမှ ထွက်ခွာတော်မူ၍ မလ္လမင်းတို့၏ နေပြည်တော်ဖြစ်သော ပါဝါမြို့သို့ ရောက်ရှိတော်မူခဲ့သည်။
ပါဝါမြို့တွင် ခေတ္တ သီတင်းသုံးနေစဉ် ပန်းထိမ်သည် စုန္ဒ လှူဒါန်းသော ဆွမ်းကို အလှူခံဘုဉ်းပေးတော်မူသည်။ ဤဆွမ်းသည် မြတ်စွာဘုရားရှင် နောက်ဆုံး ဘုဉ်းပေးတော်မူသော ဆွမ်း ဖြစ်ခဲ့သည်။ မြတ်စွာဘုရားရှင်အား ဝမ်းသွေးသွန်ရောဂါ ဖြစ်တော်မူလာရာ ရောဂါကို သမာပတ်ဖြင့် ထိန်းချုပ်လျက် ကုသိနာရုံမြို့သို့ ခရီးဆက်တော်မူခဲ့သည်။ (၆ မိုင်) ဝေးသော ခရီးကို ဘုရားရှင်သည် ၂၅ ကြိမ်ခန့် နားတော်မူခဲ့ရသည်။ တကြိမ်နားနေစဉ် မြတ်စွာဘုရားရှင်သည် ရေအလွန် မွတ်သိပ်တော်မူသဖြင့် အနီးနားရှိ ချောင်းငယ်မှ ရေကို ခပ်ယူဆပ်ကပ်ရန် အရှင်အာနန္ဒာအား တိုက်တွန်း စေခိုင်းတော်မူသည်။ ကကုဓာမြစ်သို့ ရောက်ရှိသောအခါ ရေသုံးသပ်တော်မူပြီး ခေတ္တမျှ လဲလျောင်းအပန်းဖြေတော်မူ သည်။ နေဝင်ပြီး မှောင်စပျိုးချိန်တွင် ကုသိနာရုံသို့ မြတ်စွာဘုရားရှင် ရောက်ရှိတော်မူပြီး မလ္လာမင်းတို့၏ အင်ကြင်းတောအတွင်း အင်ကြင်းပင်ပျို နှစ်ပင်အကြား ခင်းထားသော ညောင်စောင်းပေါ်တွင် လဲလျောင်း တော်မူသည်။
ဘုရားရှင်၏ သတင်းကို ကြားသောအခါ မလ္လာမင်းတို့သည် စုဝေးရောက်ရှိလာကြသည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည်အကြောင်း သိကြသောအခါ မလ္လာမင်းတို့ ငိုကြွေးကြတော့သည်။ မြတ်စွာဘုရားရှင်အား နောက်ဆုံးဖူးမြော်ရန် ရောက်ရှိလာသော မလ္လာမင်းများကို အရှင်အာနန္ဒာသည် တသုတ်ပြီးတသုတ် ဘုရားရှင်ထံသို့ ပို့ပေးရာ ဤသို့ဖြင့်ပင် ညဉ့်၏ ပထမယံ ကုန်လွန်သွားတော့သည်။ သန်းခေါင်ယံတွင် သုဘဒ္ဒပရိဗိုဇ် ရောက်လာခဲ့ပြီး ဘုရားရှင်ထံ ပြဿနာမေးခွင့်တောင်းသည်။ ဘုရားရှင် ပင်ပန်းတော်မူမည်စိုးသဖြင့် အရှင်အာနန္ဒာက ခွင့်ပြုတော်မမူပေ။ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ သုဘဒ္ဒအား ခေါ်စေတော်မူပြီးလျှင် မေးလျှောက်သမျှ ပြဿနာများကို ကောင်းစွာ ဖြေကြားတော်မူသည်။ သုဘဒ္ဒစိတ်တွင် မတင်မကျဖြစ်နေသော သံသယများ ရှင်းလင်းသွားကာ ရဟန်း ပြုခွင့်တောင်းရာ ဘုရားရှင်က ချက်ချင်း ရဟန်းပြုခွင့် ပေးတော်မူသည်။
ထို့နောက် တရားအားထုတ်ရာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မမူမီပင် ရဟန္တာဖြစ်ခဲ့သည်။ ထို့နောက် ရဟန်းတော်များကို မိမိ ဟောကြားခဲ့သော တရားများသည် မိမိမရှိသည့်နောက် ရဟန်းတော်တို့အတွက် ဆရာဖြစ်တော်မူသည်ဟု မိန့်တော်မူသည်။ ထို့နောက် တရားတော်အပေါ် သံသယ တစုံတရာရှိလျှင် ယခုပင် မေးကြရန် မိန့်တော် မူရာ မည်သူမှ မမေးဘဲ ဆိတ်ဆိတ်နေတော်မူကြသည်။ ထိုအခါ ဘုရားရှင်က ယခု စုဝေးနေကြသော ရဟန်းတော်တို့အနက် အနိမ့်ဆုံးမှာ သောတာပန်များသာဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။ ထို့နောက် "ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" (ရဟန်းတို့ ယခုအခါ၌ အကျဉ်းအားဖြင့် သင်တို့ကို ငါဘုရားမှာကြားတော်မူမည်။ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းလေးပါး သင်္ခါရတရားတို့သည် ပျက်တတ်သော သဘောရှိကုန်၏။ သင်တို့သည် မမေ့လျော့သော သတိဖြင့် ပြည့်စုံကြစေကုန်လော့) ဟု နောက်ဆုံးတရားတော်ကို ဟောတော်မူသည်။
ထို့နောက် စျာန်သမာပတ်တို့ကို အပြန်ပြန်အလှန်လှန် ဝင်စားတော်မူသည်။ နောက်ဆုံးတွင် စတုတ္ထဈာန် ဝင်စားကာ ပဋိသန္ဓေနေတော်မူစဉ်က စိတ်နှင့်တူသော စုတိစိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟီး၍ အကြီးအကျယ် တုန်လှုပ်လေတော့သည်။ အချိန်မှာ မဟာသက္ကရာဇ် ၁၄၈ ခု (ဘီစီ - ၅၄၃) ကဆုန်လပြည့်နေ့ အင်္ဂါနေ့ မိုးသောက်ယံ အချိန်ဖြစ်ပြီး မြတ်စွာဘုရားရှင်၏ သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရတွင် ပရိနိဗ္ဗာန် စံတော်မူခြင်းဖြစ်ပါတော့သည်။