မြတ်စွာဘုရားရှင် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဥ် ဥပတိဿ, ကောလိတ ပရိဗိုဇ်နှစ်ဦး တို့သည် ရာဇဂြိုဟ်မြို့၌ ဆွမ်းခံစား၍ “မသေတရား” ရှာနေကြသည်။ ထို နှစ်ဦးတို့တွင် ဥပတိဿသည် ဆွမ်းခံဝင်လာသော ရှင်အဿဇိမထေရ်ကို မြင်၍ ကြည်ညိုသော စိတ်ဖြင့် အနီးနားသို့ ချဥ်းကပ်ပြီး တရား မေးလျှောက်ရာ ရှင်အဿဇိမထေရ် ဟောသော “ယေဓမ္မာ ဟေတုပ္ပဘဝါ” အစရှိသော ဂါထာဖြင့် သောတာပန် ဖြစ်ခဲ့သည်။ မိတ်ဆွေသူငယ်ချင်းဖြစ်သော ကောလိတ ပရိဗိုဇ်အား ထိုဂါထာကို ပြန်ပြော ပြရာ ကောလိတသည်လည်း သောတာပန် ဖြစ်လေသည်။
မိတ်ဆွေနှစ်ဦးတို့သည် “သိဉ္စည်း”ဆရာကြီးထံ ခွင့်တောင်း၍ တပည့်ပရိသတ် (၂၅၀) ကို ခေါ်ဆောင်ကာ မြတ်စွာဘုရားရှင်ရှိရာ ဝေဠုဝန်ကျောင်းတော်သို့ မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ပြာသိုလကွယ်နေ့၌ ရောက်လာခဲ့ကြသည်။ မြတ်စွာဘုရားရှင်ထံ ရဟန်းပြုကြပြီး “သာရိပုတ္တရာ” ၊ “မောဂ္ဂလာန်” ဟူသော ဘွဲ့အမည် အသီးသီး ရရှိတော်မူကြသည်။ ထိုနှစ် တပို့တွဲလဆန်း ၇ ရက်နေ့၌ အရှင်မောဂ္ဂလာန် ရဟန္တာ ဖြစ်တော်မူသည်။ တပို့တွဲလပြည့်နေ့၌ တူတော် ဒီဃနခ ပရိဗိုဇ်အား မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ဝေဒနာပရိဂ္ဂဟိတသုတ္တန်ကို နာကြားရပြီး အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်တော်မူသည်။ ထို့နောင်တွင် အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဘုရားရှင်တိုင်း၏ ဓမ္မတာ ဖြစ်သည့် အစည်းအဝေးကြီးတရပ် ဖြစ်လာတော့သည်။
အင်္ဂါလေးပါး ဟူသည်_
(က) တပို့တွဲလပြည့်နေ့တွင် မာဃနက္ခတ်နှင့် ယှဉ်ခြင်းသည် ၁ ပါး။
(ခ) မည်သူကမျှ မခေါ်ပင့်ရဘဲ သံဃာတော်များ အလိုလို စည်းဝေးရောက်ရှိလာခြင်း ၁ ပါး။
(ဂ) ရောက်လာကြသည့် သံဃာတော်များအားလုံး ပဋိသမ္ဘိဒါပတ္တ ဖြစ်ခြင်း ၁ ပါး။
(ဃ) ရောက်လာကြသည့် သံဃာတော်များအားလုံး ဧဟိဘိက္ခု ဖြစ်ခြင်း ၁ ပါး။
ထို အစည်းအဝေးကြီးတွင် ဥရုဝေလကဿပ အစရှိသော ရသေ့ညီနောင်မှ ဖြစ်လာကြသော ရဟန္တာအရှင်မြတ် ၁ဝဝဝ၊ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန်တို့နှင့်အတူ ပါလာကြသော တပည့် ရဟန္တာအရှင်မြတ် ၂၅ဝ၊ ပေါင်း (၁၂၅ဝ) အရေအတွက်ရှိသည်။ မြတ်စွာဘုရားရှင်သည် ထို အစည်းအဝေး ကြီး၌ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန် တို့အား “အဂ္ဂသာဝက” ရာထူးတာဝန်တော်တို့ကို ပေးအပ်တော်မူသည်။ သြဝါဒပါတိမောက်ဒေသနာတောကိုလည်း ပြတော်မူခဲ့လေသည်။