မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
History Image

တရားဦးဓမ္မစကြာဟောတော်မူခြင်း

မြတ်စွာဘုရားရှင်သည် လင်းလွန်းပင်ရင်း၌ ခုနစ်ခုမြောက် သတ္တာဟ စံနေတော်မူပြီးနောက် ဆိတ်ကျောင်းညောင်ပင်သို့ တဖန်ပြန်ကြွတော်မူသည်။ ဤနေရာ၌ သီတင်းသုံးတော်မူစဉ် “မည်သူ့အား တရားဦး ဟောသင့်ပါသနည်း” ဟု ဆင်ခြင်တော်မူရာ ဆရာရသေ့ကြီးနှစ်ပါးဖြစ်ကြသည့် အာဠာရနှင့် ဥဒကတို့ ကွယ်လွန်ကြပြီကို သိခဲ့ရသည်။ ထို့ကြောင့် ပဉ္စဝဂ္ဂီ ရသေ့ငါးပါးတို့အား တရားဟောရန် ဆင်ခြင်ကြည့်ရာ ဣသိပတန မိဂဒါဝုန် (ဘေးမဲ့တော)၌ သီတင်းသုံးနေကြကြောင်း တွေ့ရသည်။

မြတ်စွာဘုရားရှင်သည် ဝါဆိုလဆန်း ၁၄ ရက်နေ့အထိ ဗောဓိပင်အနီး၌ စံနေတော်မူပြီးလျှင် ဝါဆိုလပြည့်နေ့၌ မိဂဒါဝုန်သို့ ဦးတည်ကြွတော်မူခဲ့ပါသည်။ လမ်းခရီးတွင် ဥပက တက္ကဒွန်းနှင့်တွေ့၍ မိမိအမည် ဇိနဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ မိဂဒါဝုန်တောတွင် ဝါဆိုလပြည့်နေ့ည၌ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဟောတော်မူရာ အရှင်ကောဏ္ဍည သောတာပန်ဖြစ်၍ ဧဟိဘိက္ခုရဟန်း ပြုပေးတော်မူ သည်။ ကျန်ရသေ့များလည်း တရားကို ဆက်လက် အားထုတ်ကြရာ ဝါဆိုလပြည့်ကျော် တရက်နေ့၌ အရှင်ဝပ္ပ၊ နှစ်ရက်နေ့၌ အရှင်ဘဒ္ဒိယ၊ သုံးရက်နေ့၌ အရှင်မဟာနာမ်၊ လေးရက်နေ့၌ အရှင်အဿဇိ အသီးသီး သောတာပန် ဖြစ်ကြသည်။ ဝါဆိုလပြည့်ကျော် ငါးရက်နေ့၌ အနတ္တလက္ခဏသုတ်ကို ဟောတော်မူရာ ပဉ္စဝဂ္ဂီ ငါးပါးလုံး ရဟန္တာ ဖြစ်ကြတော့သည်။

မြတ်စွာဘုရားရှင်သည် ပထမဝါ၌ မိဂဒါဝုန်တောတွင်ပင် ဝါဆိုတော်မူခဲ့သည်။ နာလကရသေ့အား မောနေယျအကျင့်ကို ဟောတော်မူသည်။ ယသသူဌေးသားနှင့် သူ၏ သူငယ်ချင်း ၅၄ ယောက်တို့ကို တရားထူးရစေကာ ဧဟိဘိက္ခူ ရဟန်းပြုပေးတော်မူပါသည်။ ယသ၏ မိဘများနှင့် ဇနီးဟောင်းတို့လည်း သောတာပန် ဖြစ်ကြလေသည်။ ဝါကျွတ်သောအခါ ပဝါရဏာ ပြုပြီးလျှင် မြတ်စွာဘုရားရှင်သည် တပည့် ရဟန္တာ (၆၀) တို့ကို နေရာဖြန့်၍ သာသနာပြု စေလွှတ်တော်မူသည်။

ဘုရားရှင် ကိုယ်တိုင်မှာမူ တပါးတည်း ဥရုဝေလတောသို့ ကြွတော်မူသည်။ လမ်းခရီးအကြား ကပ္ပါသိကတောအုပ်အတွင်း သစ်ပင်အောက် ခေတ္တနားနေတော်မူစဉ် ဘဒ္ဒဝဂ္ဂီညီနောင် သုံးဆယ်တို့ မိန်းမတယောက်ကို လိုက်ရှာရာမှ ဘုရားရှင်နှင့်တွေ့၍ တရားနာရသဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ ဖြစ်ကြကာ ရဟန်းပြုကြသည်။ မြတ်စွာဘုရားရှင်သည် ဘဒ္ဒဝဂ္ဂီ ရဟန်း သုံးဆယ်တို့ကိုလည်း အရပ်ဒေသအနှံ့အပြားသို့ သာသနာပြုစေလွှတ်တော်မူပြီးလျှင် ဘုရားရှင် တပါးတည်း ဥရုဝေလသို့ ခရီးဆက်တော်မူခဲ့လေသည်။