မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
History Image

သတ္တသတ္တာဟ(ခုနှစ်ရက် ခုနှစ်လီ)စံနေတော်မူခြင်း

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပထမ သတ္တာဟ(ခုနှစ်ရက်)၌ ထက်ဝယ်ဖွဲ့ခွေထားသော တင်ပလ္လင်ကို ဖြေတော်မမူဘဲ ကိလေသာမှ လွတ်မြောက်ခြင်း ဝိမုတ္တိသုခ ချမ်းသာကို ဘုရားဖြစ်ရာ ပလ္လင်တော်မှာပင် (ပလ္လင်္က သတ္တာဟ) ခုနှစ်ရက်ပတ်လုံး ခံစားတော်မူသည်။ ဒုတိယ သတ္တာဟ(ခုနှစ်ရက်)၌ ပလ္လင်တော်မှထ၍ ဗောဓိပင်၏ အရှေ့မြောက်အရပ်၌ ရပ်တော်မူ ပြီးလျှင် ဗောဓိပင်နှင့် ပလ္လင်တော်ကို မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်ပြီးလျှင် “ဤ ပလ္လင်ထက်၌ သဗ္ဗညုတဉာဏ်တော်ကို ရပေသည်”ဟု ဆင်ခြင်တော်မူလျက် ခုနှစ်ရက်ပတ်လုံး ရပ်တော်မူပြီးလျှင် (အနိမိသ သတ္တာဟ)စံနေတော်မူသည်။ တတိယ သတ္တာဟ(ခုနှစ်ရက်)၌ အနိမိသ ရပ်တော်မူရာအရပ်နှင့် ‌ဗောဓိပင် အကြားတွင် လူးလာ တုံ့ခေါက် စင်္ကြံလျှောက်တော်မူလျက် (စင်္ကမ သတ္တာဟ)ခုနစ်ရက်ပတ်လုံး စံနေတော်မူသည်။

စတုတ္ထ သတ္တာဟ၌ ဗောဓိပင်၏ အနောက်မြောက်အရပ်တွင် နတ်တို့ ဖန်ဆင်းအပ်သော ရတနာဃရ ရွှေအိမ်တော်၌ ဝိနည်း, သုတ္တန်, အဘိဓမ္မာ ပိဋကတ် သုံးပုံတို့တွင် အဘိဓမ္မာပိဋကတ်တော်ကို အထူးထား၍ ဆင်ခြင်သုံးသပ်တော်မူလျက် ခုနှစ်ရက်ပတ်လုံး (ရတနာဃရ သတ္တာဟ)စံနေတော်မူသည်။ ထိုသို့ အဘိဓမ္မာတရားတော်ကို ဆင်ခြင်သုံးသပ်တော်မူစဉ်အခါ ကိုယ်တော်မြတ်၏ ခန္ဓာကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ ကွန့်မြူးထွက်ပေါ်တော်မူကြလေသည်။ ပဉ္စမ သတ္တာဟတွင် ဗောဓိပင်၏ အရှေ့အရပ်၌ရှိသော ဆိတ်ကျောင်းညောင်ပင် ရှိရာသို့ ကြွတော်မူ၍ ထိုညောင်ပင်ရင်း၌ တရားတော်တို့ကို ဆင်ခြင်သုံးသပ်လျက် ခုနစ်ရက်ပတ်လုံး (အဇပါလ သတ္တာဟ) စံနေတော်မူ၏။ ယင်းသို့ စံနေစဉ်တွင် တဏှာ၊ အရတီ၊ ရဂါ ဟူသော မာရ်နတ်၏ သမီး သုံးယောက်တို့သည် ဖခင် မာရ်နတ်ကြီး စိတ်ချမ်းသာစေရန် စစ်ကူပေးသည့်အနေဖြင့် မြတ်စွာဘုရား အနီးသို့ လာရောက်၍ ပရိယာယ်မာယာ အဖြာဖြာတို့ဖြင့် ဖြားယောင်းကြတော့သည်။

သို့သော် ကိလေသာ ခပ်သိမ်း ငြိမ်းလေပြီးသော မြတ်စွာဘုရားမှာမူ မျက်လုံးတော်ကိုမျှ ဖွင့်ကြည့်တော်မမူပဲ ဝိဝေကသုခကို ခံစားမြဲ ခံစားလျက်သာ နေတော်မူလေသည်။ ဆဋ္ဌမသတ္တာဟ၌ ဗောဓိပင်၏ အရှေ့တောင် အရပ်ရှိ ကျည်းပင်ရင်းသို့ ကြွတော်မူ၍ (မုစလိန္ဒ သတ္တာဟ) ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူသည်။ မုစလိန္ဒနဂါးမင်းသည်လည်း မြတ်စွာဘုရားကို အအေးအပူတို့ မပင်ပန်းစေခြင်းငှာ မိမိကိုယ်ကို ခုနစ်ခွေ ခွေ၍ ပါးပျဉ်းဖြင့် ဘုရားရှင်ကို မိုးကာထားသည်။ သတ္တမ သတ္တာဟ၌ ဗောဓိပင်၏ တောင်အရပ်ရှိ လင်းလွန်းပင်သို့ ကြွတော်မူ၍ လင်းလွန်းပင်ရင်း၌ (ရာဇာယတန သတ္တာဟ) ခုနစ်ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားတော်မူလျက် စံနေတော်မူသည်။

ထိုကဲ့သို့ မြတ်စွာဘုရားရှင်သည် ခုနစ်ရက်ခုနစ်လီ ရက်အပေါင်းအားဖြင့် (၄၉) ရက် ပတ်လုံး ဆွမ်းအာဟာရကို ဘုဉ်းပေးတော် မမူဘဲ ဗောဓိပင်၏ အနီးတဝိုက်၌ ကိလေသာမှ လွတ်မြောက်ခြင်း ဝိမုတ္တိသုခ ချမ်းသာကို ခံစားလျက် စံနေတော်မူသည်။ မြတ်စွာဘုရားရှင်သည် သတ္တမသတ္တာဟ၌ လင်းလွန်းပင်ရင်းဝယ် စံနေတော်မူစဉ် ဥက္ကလာနယ်မှ ကုန်ရောင်းလာကြသော တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ရောက်လာကြပြီးလျှင် ပျားဆုပ်မုန့် နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်းသဖြင့် မြတ်စွာဘုရားရှင်က အနုမောဒနာတရား ဟောကြားသောအခါ ဘုရားနှင့်တရား သရဏဂုံ နှစ်ပါးကို ယုံကြည် ဆည်းကပ်သူများ ဖြစ်ခဲ့ကြသည်။ ဤ ကုန်သည်ညီနောင်မှာ မြတ်စွာဘုရား၏ ပထမဆုံး သာဝကများဖြစ်၍ သရဏဂုံနှစ်ပါး အစဆုံးတည်သူများလည်း ဖြစ်ကြသည်။ ကုန်သည်ညီနောင်တို့က အမြဲကိုးကွယ်ဖို့ရာ ပူဇော်ဖွယ် တခုခု ချီးမြှင့်တော်မူပါရန် လျှောက်ထား ကြသောအခါ မြတ်စွာဘုရားရှင်က ဆံတော်ကို လက်တော်ဖြင့်သပ်၍ လက်၌ပါလာသော ဆံတော်ဓာတ် တို့ကို ချီးမြှင့်တော်မူလိုက်သည်။ ကုန်သည်ညီနောင်တို့သည် ဥက္ကာလာသို့ ပြန်ရောက်သောအခါ ထို ဆံတော်တို့ကို ဌာပနာ၍ စေတီ တည်ထားကိုးကယ်ခဲ့ကြလေသည်။