မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
History Image

သဗ္ဗညုတဘုရားဖြစ်တော်မူခြင်း

ဘုရားအလောင်းတော်၏ သက်တော် ၃၅ နှစ် အရွယ် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့ နေမဝင်မီအချိန်တွင် မာရ်နတ်ကို အောင်မြင်တော်မူခဲ့သည်။ ထိုနေ့ ညဥ့်ဦးယံအချိန်တွင် ရှေးရှေးဘဝ၌ ဖြစ်ခဲ့ဖူးသည်များကို ပြန်၍ သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်ကို ရတော်မူသည်။ သန်းကောင်ယံ၌ နတ်မျက်စိကဲ့သို့ မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်တော်ကို ရတော်မူသည်။ မိုးသောက်ယံအချိန်တွင် ကိလေသာ အာသဝေါတရားတို့ကို အကြွင်းမဲ့ ကုန်ခမ်းစေတတ်သော အာသဝက္ခယဉာဏ်နှင့် မြတ်စွာ ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်များနှင့်တကွ သဗ္ဗညုတဉာဏ်တော်ကိုပါ ရတော်မူကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား မြတ်ဘုရား ဖြစ်တော်မူခဲ့လေသည်။

လူသုံးပါးတို့၏ ဘုရားစင်စစ် ဖြစ်တော်မူလေသောအခါ စကြဝဠာတိုက်ပေါင်း တသောင်းတို့၌ အပွင့်ပွင့်သော သစ်ပင်အမျိုးမျိုးတို့သည်လည်း ရာသီမလင့် တပြိုင်နက်တည်း ပွင့်ကြသည်။ အသီးသီး သော သစ်ပင်အမျိုးမျိုးတို့သည်လည်း ရာသီမလင့် တပြိုင်နက်တည်း အခိုင်လိုက် အပြွတ်လိုက် သီးကြ သည်။ ပင်စည်ပန်း အခက်ပန်း နွယ်ပန်းတို့လည်း အဆန်းတကြယ် ပွင့်ကြသည်။ အပင်ကို မမြင်ရပဲ ကောင်းကင်မှလည်း ပန်းခိုင်များ တွဲလျားကျလျက် ရှိနေကြသည်။ အောက်မြေအလွှာ ကျောက်ဖျာ ကြီးများကို ဖောက်ခွဲ၍ အဆင့်ဆင့် ခုနစ်ထပ်စီ ခုနစ်ထပ်စီ အရွက်မပါ အရိုးနှင့် ပဒုမာကြာပန်းတို့လည်း အဆန်းတကြယ် ပွင့်ပေါ်လာကြသည်။ ထိုအချိန်တွင် လောကဓာတ် စကြဝဠာတိုက်ပေါင်း တသောင်း တို့သည် မြေတသိမ့်သိမ့် တငြိမ့်ငြိမ့် တုန်လှုပ်လျက်ရှိတော့သည်။ ကမ္ဘာလောကကြီးသည် အလုံးပြုကာ ပစ်လွှင့်သော ပန်းလုံးကြီးလို၊ အစီအစဥ်တကျ ခင်းထားသည့် ပန်းမွေ့ရာ အခင်းကြီးလို စသဖြင့် ဆန်းကြယ်စွာ ဖြစ်ပေါ်၍ ထူးခြားလှသော နိမိတ်ကြီး (၃၂)ပါးတို့လည်း ထင်ရှားဖြစ်၍ နေပေတော့သည်။

ဤသို့ သဗ္ဗညုတဉာဏ်တော်နှင့်တကွ ဘုရာ့ဘုန်းဂုဏ် အလုံးစုံတို့ကို ပြည့်စုံစွာ ရရှိတော်မူ ပြီးသော မြတ်စွာဘုရားရှင်သည် “ငါသည် ကြီးစွာသော သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရလေပြီ။ ငါသည် အလွန်မြတ်လှစွာသော သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်ကို ရအပ်ခဲ့လေပြီ။ ကြီးစွာသော အောင်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့လေပြီ။ ငါသည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို တရားဟော၍ ဘဝသုံးပါးတည်းဟူသော အနှောင်အဖွဲ့မှ လွတ်စေခြင်းငှါလည်း စွမ်းနိုင်သူ ဖြစ်၏” ဟု စဉ်းစားဆင်ခြင် တော်မူ၍ ထပ်တလဲလဲ ဖြစ်ပေါ်လာသော ပီတိအဟုန်ဖြင့် အလုံးစုံသော သဗ္ဗညုမြတ်စွာဘုရားရှင်တို့ ဘုရားဖြစ်ပြီးလျှင် ကျူးရင့်တော်မူကြမြဲ ဓမ္မတာဖြစ်သည့် ဥဒါန်းဂါထာတော်တို့ကို ကျူးရင့်တော်မူခဲ့သည်။