ဘုရားအလောင်းသည် ရဟန်းပြုပြီးနောက် အာဠာရနှင့် ဥဒက ဆရာရသေ့ဆရာကြီးနှစ်ပါးထံတွင် နည်းခံ ကျင့်ကြံခဲ့ရာ လောကီဈာန်တရားတို့ကိုသာရပြီး လိုအပ်သောတရား မရသေး၍ ထွက်ခွါခဲ့သည်။ ဘုရားအလောင်းသည် ဥဒကရသေ့ကြီးထံမှ ထွက်ခွာခဲ့၍ ဥရုဝေလတောသို့ ရောက်လျှင် တော၏ သာယာပုံ၊ မွေ့လျော်ဖွယ်ရှိပုံကို နှစ်သက်သဘောကျ၍ မိမိကြားဖူး သိဖူးထားသော ကျင့်ကြံနည်းတို့ဖြင့် အပြင်းအထန် ကျင့်ကြံ အားထုတ်လေတော့သည်။
ကောဏ္ဍည ခေါင်းဆောင်သော ရသေ့ငါးပါးသည် ဘုရားအလောင်းတော် တောထွက်ရာသို့ လိုက်လာကြရာ ဥရုဝေလတော၌ ဘုရားအလောင်းကို တွေ့ခဲ့ရသည်။ ဘုရားအလောင်းတော် လွတ်လွတ် ကျွတ်ကျွတ် ပြင်းပြင်းထန်ထန် အားထုတ်နိုင်ရန်အတွက် ဝတ်ကြီးဝတ်ငယ်ပြုလျက် နေကြသည်။ ဘုရားအလောင်းသည် အစာကို တဖြည်းဖြည်းလျှော့၍ကျင့်ရာမှ နောက်ဆုံးတွင် အစာဖြတ်လျက် ကျင့်သည်။ ထိုအချိန်တွင် အပ္ပါဏကဈာန်ခေါ်သည့် ထွက်သက်ဝင်သက်ကို ချုပ်ထိန်းထားသော အကျင့်ကိုကျင့်ရာ ကြီးမားပြင်းထန်လှသော ဝေဒနာကို ခံစားရသဖြင့် ခံနိုင်အား မရှိတော့သော ခန္ဓာကိုယ် သည် စင်္ကြံလမ်းထိပ်၌ပင် လဲ၍နေလေတော့သည်။
ဤနည်းအတိုင်း သာမန်လူတို့ စိတ်မကူးဝံ့သော “ဒုက္ကရစရိယအကျင့်” ကို ဝီရိယ စွမ်းအားဖြင့် ခြောက်နှစ်ပတ်လုံး ပြင်းပြင်းထန်ထန် ကျင့်သည်။ သို့သော် ဘုရားဖြစ်ရန် ဉာဏ်အရိပ် အရောင်ကိုသော်မှ မတွေ့ရဘဲ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာဖြစ်၍ အကျင့်မှားဖြစ်ကြောင်း ဆုံးဖြတ်ပြီးလျှင် ဆွမ်းခံ ထွက်ကာ အစာအာဟာရကို မျှတရုံမျှ ပြန်၍ ဘုဉ်းပေးသည်။ အလုပ်အကြွေး ရသေ့ငါးပါးတို့သည်လည်း ဘုရားအလောင်းတော် အစာအာဟာရကို ပြန်လည် မှီဝဲသောအခါ သိဒ္ဓတ္ထ ဝီရိယကို လျှော့လိုက်ပြီ။ ဘုရားဖြစ်တော့မည် မဟုတ်ဟု ယူဆလျက် ဘုရားအလောင်းထံမှ ထွက်ခွာသွားကြပြီးလျှင် မိုင် (၁၈၀) ခန့်ဝေးသော “ဣသိပတန” ခေါ်သည့် သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန် ဘေးမဲ့တော သို့ သွား၍ နေကြလေတော့သည်။