ဘုရားအလောင်းသည် ညနေချမ်းအခါ ဥယျာဉ်တော်အတွင်း မင်္ဂလာရေကန်၌ ရေချိုးနေစဉ်ကပင် တောထွက်ကာ ရဟန်းပြုလိုစိတ်တွေသာ တဖွားဖွား ဖြစ်ပေါ်နေခဲ့ပါသည်။ ရေချိုးပြီး၍ ဝတ်စားဆင်ယင် ပြီးနောက် နန်းတော်သို့ပြန်ရန် မြင်းရထားပေါ်တက်သောအခါ ကြင်ရာတော် ယသော်ဓရာတွင် သားတော် ကလေးဖွားမြင်ကြောင်း နန်းတော်မှ သတင်းပို့လာလေသည်။ ဘုရားအလောင်းသည် ပို၍ စိတ်လေး သွားကာ “ဒီလို သံယောဇဉ် အနှောင်အဖွဲ့တွေများလေ မရုန်းထွက်နိုင်လေဖြစ်ကာ ဆင်းရဲနေမှာပဲ”ဟု ဆင်ခြင်မိသဖြင့် ရဟန်း မြန်မြန် ပြုနိုင်ရေးကိုသာ တွေးတော စဉ်းစားနေပါတော့သည်။
ထိုနေ့ည၌ ရဟန်းပြုရေးကိုသာ အပြန်ပြန် အလှန်လှန် စဉ်းစားရင်း အိပ်ပျော်သွားခဲ့သည်။ သန်းခေါင်ယံအချိန် တရေးနိုးလာသောအခါ၌လည်း ရဟန်းပြုလိုစိတ်သာလ စိတ်ထဲ၌ ဖြစ်ပေါ်နေပြီး ပြန်အိပ် မရတော့ပေ။ အနီးပတ်ဝန်းကျင်ကို ကြည့်မိလိုက်ရာ မိမိကို တူရိယာများဖြင့် ဖျော်ဖြေသော အမျိုးသမီးများ တရှူးရှူးတခေါခေါ ဟောက်လျက် ကိုးရိုကားယား အိပ်ပျော်နေကြသည်ကို မြင်ရ သောအခါ “ကြောက်စရာ စက်ဆုပ်စရာ လောကကြီးပါလား၊”ဟု ပို၍ ထိတ်လန့်သွားလေတော့သည်။
ဤသို့ဖြင့် ချက်ချင်း ခန်းမဆောင်မှထွက်၍ ဖွားဘက်တော် ဆန္နကိုခေါ်ကာ ညဉ့်သန်းခေါင်ယံ အချိန်မှာပင် ကဏ္ဍကမြင်းကို ကုန်းနှီးတင်စေပြီး ဆန္နနှင့်အတူ မြင်းစီး၍ တောထွက်တော်မူခဲ့ပါသည်။ ထို ည ချင်းပင် တိုင်းပြည်သုံးခုကို ကျော်ဖြတ်၍ မိုင်(၃၀၀)ခန့်ဝေးသော အနောမာမြစ်ကမ်းသို့ ရောက်ခဲ့သည်။ အနောမာမြစ်ကမ်း၌ ဘုရားအလောင်းသည် ဆံတော်ကို သံလျက်ဖြင့် ရိတ်ဖြတ်ပြီးလျှင် ဃဋိကာရ ဗြဟ္မာကြီး လှူဒါန်းသော ပရိက္ခရာရှစ်ပါးကို ခံယူ၍ သင်္ကန်းကိုဝတ်ကာ မြင့်မြတ်သော ရဟန်း အသွင်ကို ယူလိုက်သည်။ ထို့နောက် ဖွားဖက်တော် ဆန္ဒအမတ်နှင့် ကဏ္ဍကမြင်းကို ပြန်လွှတ်လိုက်ပြီး အနီးမှ အနုပိယသရက်တောသို့သွား၍ (၇)ရက်မျှနေထိုင်ကာ ရဟန်းချမ်းသာကို ခံစားလျက်နေပါသည်။