ဘုရားလောင်းတော် (၂၈) နှစ် အရွယ်သို့ရောက်လျှင် တနေ့သောအခါ၌ မြင်းရထားမောင်းသူကို ခေါ်၍ ဥယျာဉ်တော်သို့ အပန်းဖြေ ထွက်ခဲ့လေသည်။ နတ်တို့သည် “သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန် နီးပြီ။ နိမိတ်တို့ကိုပြမည်” ဟု ကြံ၍ နတ်သားတပါးကို ဆံဖြူ, သွားကျိုး, အကြောပြိုင်းပြိုင်း ကိုင်းသောကိုယ်ဖြင့် တောင်ဝှေးလက်စွဲလျက် တုန်တုန်လှုပ်လှုပ် သွားနေသည့် သူအိုနိမိတ်ကို ပြလေသည်။ ထို နိမိတ်ကို ဘုရားအလောင်းနှင့် မြင်းရထားမောင်းသူတို့သာ မြင်ရသည်။
ထိုသို့ မြင်ရသောအခါ ဘုရားအလောင်းသည် မြင်းရထားမောင်းသူအား “ဤ ယောက်ျားကား ဘယ်လိုနည်း။ ဆံ တို့သည်လည်း တပါးသူတို့၏ ဆံနှင့် မတူပါလား” ဟု မေးမြန်းရာ မြင်းရထားမောင်းသူက “အရှင့်သား ဤသူသည် သူအိုပါ။ “ဇာတိ” ဟူသော ပဋိသန္ဓေနေခြင်း ရှိသောသူတို့သည် ဤကဲ့သို့ ဆံဖြူခြင်း, အရေတွန့်ခြင်း, ကျောကိုင်းခြင်း, သွားကျိုးခြင်း ဟူသော အဆင်း၏ ဖောက်ပြန်ခြင်း၊ ကိုယ်ရေကိုယ်သား လျော့ပါးခြင်းတို့ ဖြစ်ကြရပြီး လိုတိုင်းမပါ ဧရာဒုက္ခ ဖြစ်ရပါသည် အရှင့်သား” ဟု ပြန်ဖြေလေသည်။ မြင်းရထားမောင်းသူ၏ စကားကို ကြား၍၊ “ “ဇာတိ” ဟူသော ပဋိသန္ဓေနေရခြင်းသည် အလွန် စက်ဆုပ်ဖွယ် ရှိပေသည်။ ပဋိသန္ဓေနေခြင်း ရှိသောသူအား အိုခြင်းသည် ထင်ရှားဖြစ်ရမည်” ဟု ထိတ်လန့် သံဝေဂဖြစ်၍ ထိုနိမိတ်ကြီးကို မြင်ရာအရပ်မှ ပြန်ခဲ့လေသည်။
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “အဘယ့်ကြောင့် ငါ၏ သားတော် အလျင်အမြန် ပြန်ခဲ့ပါသနည်း” ဟု မေးသည်။ “အရှင်မင်းကြီး သူအိုကို မြင်၍ အလျင်အမြန် ပြန်ခဲ့ပါသည်” ဟု လျှောက်ထားသည်။ သုဒ္ဓေါဒနမင်းကြီးက သားတော်သည် သူအိုကို မြင်၍ ရဟန်းပြုမည်” ကို အလွန်စိုးရိမ်မိ၍ စည်းစိမ်ချမ်းသာနှင့် အပျော်အပါးတို့ကို ပိုမိုခံစား ပျော်ပါးစေကာ အစောင့်အရှောက်တို့ကိုလည်း တိုးမြှင့်၍ ချထားလေ၏။
ထို့နောင် တနေ့သောအခါ ဘုရားလောင်းသည် ရှေးနည်းအတူလျှင် ဥယျာဉ်သို့သွားပြန်ရာ နတ်တို့ ဖန်ဆင်းအပ်သော “သူနာ” ကို မြင်ရသည်။ ထို့နောင်တဖန် ဘုရားလောင်းသည် ဥယျာဉ်သို့သွားပြန်ရာ “သူသေ” ကို မြင်ရသည်။ ထို့နောင် တနေ့သောအခါ ဥယျာဉ်တော်သို့ သွားပြန်လျှင် ကောင်းစွာ ဝတ်ရုံခြင်း ရှိသော “ရဟန်း”ကို မြင်၍ မြင်းရထားမောင်းသူအား “ဤသူကား ဘယ်လို သူနည်း” ဟု မေးပြန်သည်။ မြင်းရထားမောင်းသူက “အရှင့်သား ဤသူကား ရဟန်းဖြစ်၏” ဟု ဆိုလေသည်။ ဘုရားလောင်းတော်သည် ရဟန်းအဖြစ်၌ နှစ်သက်ခြင်းဖြစ်ခဲ့သည်။ ထိုနေ့၌ ဥယျာဉ်တော်သို့ ရောက်အောင်သွားပြီး တနေ့လုံး နေတော်မူ၍ မင်္ဂလာရေကန်၌ ရေချိုးပြီး နေမဝင်မီတွင် မင်္ဂလာရှိသော ကျောက်ဖျာထက်၌ သိကြားမင်း လှူဒါန်းသော နတ်တို့၏ ကိုယ်ဝတ်တန်ဆာတို့ကို ဆင်းမြန်း၍ အနားယူ ပြီးကာ နန်းတော်တို့ ပြန်လာခဲ့လေသည်။