ဘုရားအလောင်းတော် ၁၆ နှစ်အရွယ်သို့ရောက်လျှင် သုဒ္ဓေါဒနမင်းကြီးသည် ဘုရားအလောင်း အတွက် “နွေ, မိုး, ဆောင်း” ဥတုသုံးပါးတို့တွင် အလှည့်ကျ စံမြန်းနိုင်ရန်အတွက် ဥတုသုံးပါးတို့နှင့် ကိုက်ညီပြီး အလွန်ပျော်မွေ့ဖွယ်ကောင်းလှသည့် “ရမ္မ, သုရမ္မ, သုဘ” အမည်ရှိ ဘုံ ၉ ဆင့်၊ ဘုံ ၇ ဆင့်၊ ဘုံ ၅ ဆင့် ရှိသော ရွှေနန်းတော် သုံးဆောင်တို့ကို ဆောက်လုပ်စေသည်။ ကချေသည် မိန်းမ လေးသောင်း တို့ကိုလည်း ဘုရားအလောင်းတော်အား လုပ်ကျွေးခစားစေသည်။ ယသောဓရာမိဖုရားသည်ကား သိဒ္ဓတ္ထ မင်းသား၏ မိဖုရားကြီးဖြစ်လာသည်။ ဘုရားအလောင်းတော်သည် နတ်သမီးအပေါင်း ခြံရံအပ်သော နတ်သားကဲ့သို့ ခမ်းနားကြီးကျယ်လှသော စည်းစိမ်ချမ်းသာကို ခံစားကာနေလေသည်။ထိုအခါ ဆွေတော် မျိုးတော်များက “သိဒ္ဓတ္ထမင်းသားသည် ပျော်ပါး၍သာ နေ၏။ တစုံတခုသော အတတ်ပညာကိုမျှ မသင်။ စစ်ရေးကြုံသော် အဘယ်သို့ ပြုမည်နည်း” ဟု ကဲ့ရဲ့ဝေဖန်ကြလေသည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော် သိဒ္ဓတ္ထမင်းသားကိုခေါ်၍၊ “ချစ်သား သင်၏ ဆွေမျိုးတို့သည် သိဒ္ဓတ်မင်းသားကား တစုံတခုသော အတတ်ကိုမျှ မသင်ပဲ ပျော်ပါး၍သာနေသည်။ အကယ်၍ ရန်သူတို့ ရောက်လာခဲ့လျှင် ဘယ်လို ကာကွယ်နိုင်ပါ့မလဲ” ဆိုနေကြပြီဟု ပြောလေသည်။ သိဒ္ဓတ္ထမင်းသားလည်း “ခမည်းတော်မင်းကြီး။ သားတော်သည် အတတ်ပညာတို့ကို သင်ယူနေစရာမလို တတ်မြောက်ပြီးဖြစ်သည်။ သားတော်၏ အတတ်ပညာစွမ်းရည်တို့ကို ကြည့်ရှုလိုပါက တိုင်းပြည်၌ ကြောငြာပါ။ နောက် ခုနှစ်ရက်မြောက်သော နေ့မှာ ဆွေတော်မျိုးတော်တို့အား အတတ်ပညာ စွမ်းရည်တို့ ပြပါမည်” ဟု ဆိုသည်။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် လောက၌ အတော်ဆုံး လေးအတတ်ပညာရှင်တို့ကို စုရုံးစေ၍ လူတို့၏ အလယ်၌ အခြားဘယ်သူမှ မစွမ်းဆောင်နိုင်သော မြှားရေးကြီး အတတ် ၄ ပါး၊ ၇ ပါး၊ မြှားရေးငယ်အတတ် (၁၂) ပါး တို့ကို ဆွေတော်မျိုးတော်တို့အား ပြသလေသည်။ ထိုအခါ၌ ဆွေတော် မျိုးတော် အပေါင်းတို့၏ သိဒ္ဓတ္ထမင်းသားအပေါ် အထင်အမြင်သေးခြင်း ကင်းပါလေတော့သည်။