မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
History Image

လုမ္ဗိနီအင်ကြင်းတော၌ ဘုရားလောင်းတော်ကို ဖွားမြင်ခြင်း

မာယာဒေဝီမိဖုရားကြီးသည် ဆယ်လပတ်လုံး ဘုရားအလောင်းတော်မြတ်ကို ဝမ်းဖြင့်လွယ်ပြီး ကိုယ်ဝန်ရင့်သောအခါ ဆွေမျိုးတို့ထံသွားလို၍ သုဒ္ဓေါဒနမင်းကြီးအား “အရှင်မင်းကြီး ဆွေမျိုးများရှိရာ ဒေဝဒဟပြည်သို့ သွားလိုပါသည်” ဟု လျှောက်ကြားလေသည်။ သုဒ္ဓေါဒနမင်းလည်း “ကောင်းပြီ သွားပါ” ဟု ဆိုသည်။ ကပိလဝတ်မှ ဒေဝဒဟ တိုင်အောင် လမ်းခရီးကို ညီညွတ်ပြုပြင်စေသည်။ လမ်းဘေးနှစ်ဖက် တိငှက်ပျောပင်စိုက်ခြင်း, ရေပြည့်အိုးတည်ခြင်း, တံခွန်ကုက္ကား မုလေးပွား စိုက်ခြင်းတို့ကို ပြုစေသည်။ မိဖုရားအား ရွှေထမ်းစင်၌ စီးစေ၍ အခြံအရံများစွာဖြင့် ပို့စေသည်။ ကပိလဝတ်နှင့် ဒေဝဒဟ ကြား၌ “လုမ္ဗိနီ” မည်သော အင်ကြင်းတောရှိသည်။ အင်ကြင်းတော တခုလုံး ပင်လုံးကျွတ် ပန်းတို့ ပွင့်နေကြသည်။ အခက်အပွင့်တို့ အကြားတွင် ပျားပိတုန်းများ၊ ကျေးငှက်များသည် သာယာသော အသံဖြင့် တွန်မြူးနေကြသည်။ လုမ္ဗိနီအင်ကြင်းတော တခုလုံးသည် နတ်ပြည်မှ ဥယျာဥ်ကြီးတခုလိုပင် လွန်စွာသာယာ လှပနေပါတော့သည်။

မာယာဒေဝီမိဖုရားကြီးသည် မွေ့လျော်ဖွယ်ရှိသော အင်ကြင်းတောကို မြင်၍ ကြည်လင် ရွှင်လန်း သော စိတ်ဖြင့် လုမ္ဗိနီဥယျာဥ်သို့ ဝင်လေသည်။ အင်ကြင်းပင်ရင်းသို့ကပ်၍ အင်ကြင်းခက်ကို လက်ဖြင့် လှမ်းယူလိုက်သော ခဏ၌ အင်ကြင်းခက်တို့သည် နွယ်ရှင်ကဲ့သို့ပင် ညွတ်၍ မိဖုရားကြီး၏ လက်သို့ ကျရောက်လာသည်။ ထိုအချိန်၌ မိဖုရားကြီး၏ ကမ္မဇလေ လှုပ်ရှားလာသဖြင့် အမတ်တို့မှ အရံအကာကို ပြုလုပ်ပေးကြသည်။ မာယာမိဖုရားသည် အင်ကြင်းခက်ကိုကိုင်၍ ရပ်လျက်ပင် ဘုရားလောင်းတော်ကို ဖွားမြင်တော်မူလေသည်။

ဗြဟ္မာကြီး လေးယောက်တို့သည် ရွှေကွန်ရက်ဖြင့် ဘုရားအလောင်းတော်ကို ကောင်းမွန်စွာခံယူ၍ မယ်တော် မိဖုရားကြီး၏ ရှေ့၌ထားပြီး “မိဖုရားကြီး ဝမ်းမြောက်ပါတော့။ သင့်အား ဘုန်းတန်ခိုးကြီးမားသော သားကောင်းရတနာ ရပေပြီ” ဟု ပြောဆိုကြလေသည်။ အခြားသူငယ်တို့ အမိဝမ်းမှ ဖွားမြင်သောအခါ စက်ဆုပ်ဖွယ် အညစ်အကြေးတို့ လိမ်းကျံလျက် ဖွားမြင်ကြသည်။ ဘုရားလောင်းသည်ကား တစုံတခုသော အညစ်အကြေးဖြင့် လိမ်းကျံခြင်း မရှိပေ။ သန့်ရှင်းစင်ကြယ်စွာဖြင့် တင့်တယ် ထွန်းပလျက်ရှိသည်။

တရားဟောပလ္လင်မှ ဆင်းသော တရားဟော ပုဂ္ဂိုလ်ကဲ့သို့လည်းကောင်း၊ လှေကားမှဆင်းလာသော ယောက်ျားကဲ့သို့လည်းကောင်း၊ လက်တော် နှစ်ဖက်, ခြေတော် နှစ်ဖက်တို့ကို ဆန့်၍ ရပ်လျက်သာလျှင် မယ်တော့်ဝမ်းမှ လွယ်ကူသာယာစွာဖြင့်ပင် ဖွားမြင်တော်မူလေသည်။ ဤသို့ စင်ကြယ်စွာ ဖွားမြင်လာသော်လည်း ဘုရားလောင်းနှင့် မယ်တော်တို့အား ပူဇော်လိုသဖြင့် အထက်ကောင်းကင်မှ ရေပူရေးနွေး နှစ်ခုတို့သည် ထွက်ကျလာ၍ ဘုရားလောင်းနှင့် မယ်တော်တို့အား ကိုယ်အငွေ့ကို ရစေခဲ့ပါသည်။ ထို့နောင်မှ ဘုရားလောင်းကို ရွှေကွန်ရက်ဖြင့် ခံထားသော ဗြဟ္မာကြီးတို့ လက်မှ နတ်မင်းကြီး လေးယောက်တို့သည် မင်္ဂလာရှိ၍ နူးညံ့သိမ်မွေ့သော သစ်နက်ရေဖြင့် ခံယူကြပြီး ထိုနတ်မင်းကြီး လေးယောက်တို့လက်မှ လူတို့သည် ဖြူဖွေးနူးညံ့သော အဝတ်ပုဆိုးဖြင့် ခံယူကြပြန်သည်။ ဘုရားအလောင်းတော်မြတ်သည် လူတို့လက်မှဆင်း၍ မြေပေါ်၌ရပ်လျက် အရှေ့အရပ်မျက်နှာကို ကြည့်တော်မူရာ ထောင်ပေါင်းများစွာသော စကြဝဠာတို့သည် တပြင်တည်း တည်နေကြသည်။ ထိုအရပ် တို့၌ နေကြသော နတ်, လူတို့သည်လည်း ပန်းနံ့သာ အစရှိသည်တို့ဖြင့် ပူဇော်ကြလျက် “ယောက်ျားမြတ် ဤလောက၌ အရှင်ယောက်ျားမြတ်နှင့် တူသောသူမရှိ။ လွန်မြတ်သောသူကား လုံးဝမရှိတော့” ဟု ဆိုကြကုန်သည်။

ဤသို့အားဖြင့် အရပ်ဆယ်မျက်နှာတို့ကိုကြည့်သော် မိမိနှင့်တူသောသူကို မမြင်၍ မြောက်အရပ်သို့ မျက်နှာမူပြီး ခြေခုနှစ်ဖဝါး လှမ်းကြွလေသည်။ ဗြဟ္မာကြီးတို့သည် ထီးဖြူဆောင်းလျက် သုယာမနတ်သားသည် သားမြီးယပ်ကို ကိုင်လျက် အခြားသော နတ်သားတို့ကား “ရွှေခြေနင်း, ရွှေသန်လျက်, ပတ္တမြားသင်းကျစ်” ဟူသော မင်းမြောက်တန်ဆာတို့ကိုကိုင်လျှက် ရပ်နေကြလေသည်။ ဘုရားအလောင်းတော်သည် ခြေခုနှစ်ဖဝါး လှမ်းပြီးမှ ရပ်၍ “အဂ္ဂေါဟမသ္မိံလောကဿ = ငါသည် လောကထက် မြတ်၏”ဟူသော စကားသုံးခွန်းကို မကြောက်မရွံ့ ရဲရင့်သော အသံဖြင့် ကြွေးကြော်တော် မူလေသည်။ ဘုရားအလောင်းတော် ဖွားမြင်တော်မူသောအခါနှင့် တချိန်တည်းပင် ယသောဓရာမင်းသမီး, ညီတော်အာနန္ဒာ, ဆန္နအမတ်, ကာဠုဒါယီအမတ်, ကဏ္ဍကမြင်းတို့သည် ဖွားမြင်ကြလေသည်။ မဟာဗောဓိညောင်ပင်လည်း ပေါက်လာသည်။ ရွှေအိုးကြီး လေးလုံးတို့သည်လည်း ပေါက်ထွက်လာသည်။ ဤ ခုနှစ်ပါးတို့သည် ဖွားဖက်တော်များ ဖြစ်ကြလေသည်။