မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
History Image

ဘုရားအလောင်းတော် ပဋိသန္ဓေနေတော်မူခြင်း

ဘုရားအ‌လောင်းတော် ပဋိသန္ဓေယူတော်မူစဥ်အခါ၌ ကပိလဝတ်ပြည်ဝယ် ဥတ္တရာသဠ် နက္ခတ် သဘင်ပွဲနှင့် ကြုံနေ၍ လူအများသည် နက္ခတ်သဘင် ကျင်းပနေခဲ့ကြလေသည်။ မာယာ‌ဒေဝီမိဘုရားသည် ဝါဆိုလမပြည့်မီ ခုနှစ်ရက်မြောက်သော နေ့မှစ၍ အခြံအရံများအား သေရည်သေရက် သောက်စားခြင်း မပြုစေဘဲ ပန်းနံ့သာ တန်ဆာဆင်ခြင်းတို့ကိုသာ ခွင့်ပြု၍ နက္ခတ်သဘင်ကို ပါဝင်ဆင်နွဲခဲ့ကြပါသည်။ ခုနှစ်ရက်မြောက်သောနေ့၌ နံနက်စောစောထ၍ နံ့သာရေတို့ဖြင့် ရေချိုးပြီး လေးသိန်းသော ဥစ္စာတို့ကို စွန့်၍ အလှူကြီးပေးသည်။ ထို့နောက် အလွန်လှပတင့်တယ်သော ဝတ်စားတန်ဆာတို့ကို ပြည့်စုံစွာ ဆင်မြန်းပြီး ကောင်းမြတ်သော စားသောက်ဖွယ်တို့ကို သုံးဆောင်ခဲ့လေသည်။

ထို့နောက် ဥပုသ်သီတင်း ဆောက်တည်လျက် မင်္ဂလာကျက်သရေနှင့် ပြည့်စုံသော တိုက်ခန်း‌ဆောင်သို့ဝင်၍ အိပ်ရာထက်၌ လျောင်းစက်ရာ အိပ်ပျော်လျှင်ပင် ဤသို့ အိပ်မက်တော်ကို မြင်မက်ခဲ့လေသည်။ အိပ်မက်တွင် စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့သည် မာယာဒေဝီမိဖုရားကြီးကို အိပ်ရာ နှင့်တကွ မချီ၍ ဟိမဝန္တာသို့ သယ်ဆောင်သွားကြပြီး ဆေးဒန်းမြင်းသီလာ ကျောက်ဖျာပြင်ကြီးရှိ အင်ကြင်းပင်ကြီးအောက်၌ ချထားလေသည်။ ထိုအခါ၌ နတ်မင်းကြီးလေးပါးတို့၏ နတ်မိဖုရားများ ရောက်လာကြပြီး မာယာ‌ဒေဝီမိဖုရားကြီးကို အနဝတတ်‌ ရေအိုင်သို့ ပင့်ဆောင်၍ လူတို့၏ အနံ့ , အညစ် အကြေးတို့ကို စင်ကြယ်သွားစေရန် ရေချိုးစေပြီး နတ်တို့၏ အဝတ်တန်ဆာ ပန်းနံ့သာတို့ဖြင့် လိမ်းကျံ ပန်ဆင် ဝတ်ဆင်စေသည်။ ထို့နောက်တဖန် အနဝတတ် ရေအိုင်အနီးက ငွေတောင်ရှိ ရွှေဗိမာန်အတွင်း အရှေ့သို့ ဦးခေါင်းပြု၍ နတ်တို့၏ အိပ်ရာခင်းထက်၌ အိပ်စေခဲ့ပါသည်။

ထိုအခါ ဘုရားလောင်းတော်သည် ဆင်ဖြူတော်အသွင်ဖြင့် ရွှေတောင်တွင် ကျက်စား၍‌နေရာမှ သက်ဆင်းခဲ့ပြီးလျှင် ငွေတောင်သို့တက်၍ မြောက်အရပ်မှလာကာ နှာမောင်းဖြင့် ပဒုမ္မာကြာဖူးကိုယူကာ ကြိုးကြာသံကဲ့သို့ပြုပြီး ရွှေဗိမာန်သို့ ဝင်ခဲ့လေသည်။ ထို့နောက် မာယာဒေဝီမိဖုရားကြီး၏ အိပ်ရာကို လက်ယာရစ် သုံးပတ် လှည့်လည်၍ လက်ယာနံပါးမှ ဝမ်းတွင်းသို့ ဝင်သည်ကို အိပ်မက် မြင်မက်ခဲ့လေသည်။ မာယာဒေဝီမိဖုရားကြီးသည် အိပ်ရာမှနိုးသော် ထိုအိပ်မက်ကို သုဒ္ဓေါဒနမင်းကြီးအားပြောကြား လျှောက်ထားလေသည်။ သုဒ္ဓေါဒနမင်းကြီးက (၆၄) ယောက်သော ပုဏ္ဏားကြီးတို့ကိုခေါ်၍ အိပ်မက်ကို အဓိပ္ပါယ်ဖတ်ကြားစေသည်။ ပုဏ္ဏားတို့လည်း “မင်းကြီး မစိုးရိမ်ပါနှင့် မိဖုရားဝမ်း၌ သားတော်တပါး ပဋိသန္ဓေနေပါပြီ။ ထို သားတော်သည် လူအဖြစ်နေလျှင် စကြဝတေးမင်း ဖြစ်လိမ့်မည်။ ရဟန်းပြုလျှင် ဗုဒ္ဓဘုရား ဖြစ်လိမ့်မည်” ဟု အိပ်မက်တော်ကို ဖတ်ကြားကြလေသည်။