မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
Location ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁/၁
လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
History Image

ဘုရားအလောင်းနတ်သားထံ နတ်ဗြဟ္မာများက လူ့ပြည်သို့ ဘုရားဖြစ်ရန် တောင်းပန်ကြခြင်း

ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလအတွင်း၌ ပွင့်တော်မူပြီးကြသော ဘုရားရှင်ပေါင်း (၂၈)ဆူ တို့တွင် ဒီပင်္ကရာဘုရား အစ ကဿပဘုရား တိုင်အောင် (၂၄) ဆူ ကုန်သော မြတ်စွာဘုရားရှင်တို့၏ အထံတော်တို့၌ “ဤသူကား လူသုံးပါးတွင် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်”ဟူသော နိယတဗျာဒိတ်စကားကို အကြိမ်ကြိမ် ကြားနာခဲ့ရပါသည်။

ဘုရားအလောင်းတော်သည် ပါရမီ, စာဂ, စရိယ ကျင့်ဝတ်တို့ကို လေးအသင်္ချေ ကမ္ဘာတသိန်း ကြာအောင် ဘာဝနာလေးပါးတို့ဖြင့် ပွားများအားထုတ်တော်မူခဲ့သည်။ ပါရမီဖြည့်ရာကာလ ဘဝအားလုံး တို့၏ နောက်ဆုံးဘဝဖြစ်သော ဝေဿန္တရာမင်းမြတ်ဘဝ၌ အလုံးစုံတို့ ကုံလုံပြည့်ဝခြင်း အထွတ်အထိပ်သို့ ရောက်တော်မူခဲ့သည်။ ဝေဿန္တရာမင်းမြတ်ဘဝ၌ အသက်မရှိသော မဟာပထဝီ မြေကြီးကပင်လျှင် ခုနစ်ကြိမ်တိုင်တိုင် တသိမ့်သိမ့်လှုပ်၍ ကောင်းချီးဩဘာပေးခဲ့ပါသည်။ ဤကဲ့သို့ ထူးခြားကဲမွန် တုနှိုင်း၍ မမြင်နိုင်သော ကျင့်စဉ်တော်မြတ် အရပ်ရပ်တို့ကို ဝေဿန္တရာမင်းဘဝတွင် အဆုံးသတ် ဖြည့်ကျင့်တော် မူလျက် သေလွန်သောအခါ တုသိတာနတ်ပြည်သို့‌ ရောက်တော်မူခဲ့ပါသည်။

တုသိတာနတ်ပြည်တွင် ဘုရားအလောင်းတော်တို့ ဓမ္မတာအတိုင်း နတ်တကာတို့ထက် နှစ်သက် ဖွယ်ရာ ထူးကဲသာလွန်သော

(၁) အသက်ရှည်ခြင်း၊

(၂) အဆင်းလှခြင်း၊

(၃) ချမ်းသာကြီးခြင်း၊

(၄) စည်းစိမ်အခြံအရံပေါများခြင်း၊

(၅) သြဇာလွှမ်းမိုးအစိုးရခြင်း၊

(၆) သုံးဆောင်ခံစားအပ်သော ရူပါရုံတို့ သာလွန်ခြင်း၊

(၇) သဒ္ဒါရုံတို့ သာလွန်ခြင်း၊

(ဂ) ဂန္ဓာရုံတို့ သာလွန်ခြင်း၊

(၉) ရသာရုံတို့ သာလွန်ခြင်း၊

(၁ဝ) ဖောဋ္ဌဗ္ဗာရုံတို့ သာလွန်ခြင်းတည်းဟူသော

ဂုဏ်ကျေးဇူး ဆယ်ပါးတို့ဖြင့် အခြားသော နတ်တို့ကို လွှမ်းမိုး သာလွန်သည့် သေတကေတု အမည်တော်ရှိသော နတ်သားဖြစ်တော်မူလေသည်။

ဘုရားအလောင်းတော် သေတကေတုနတ်သားသည် တုသိတာနတ်ပြည်၌ တုသိတာနတ်တို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း (၄ဝဝဝ) လူတို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်း (၅၇၆,ဝဝဝ,ဝဝဝ) ကာလကြာအောင် ကြီးစွာသော နတ်စည်းစိမ် ချမ်းသာကို အသက်တမ်း ပြည့် စံ‌နေတော်မူလေသည်။ နတ်သက်တမ်းစေ့ခါနီး၍ လူတို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း (၁၀၀၀) မျှသာ လိုသောအခါ သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည် “အိုအချင်းတို့ နောက် နှစ်ပေါင် (၁၀၀၀) နေလျှင် ဤလူ့ပြည်လောက၌ သဗ္ဗညုတမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ဟစ်အော် ကြွေးကြော်ကြသည်။ လူ့ပြည်၌ “ဘုရားပွင့်ထွန်းတော့မည်” “ဘုရားပွင့်ထွန်းတော့မည်” ဟူ၍ လူအများ အုတ်အုတ်ကျက်ကျက် ဂယက်ထအောင် ပြောဆိုခြင်းဟူသော ဗုဒ္ဓကောလာဟလသည် နှစ်ပေါင်း (၁၀၀၀) ကပင် ကြိုတင်၍ ဖြစ်နှင့်လေတော့သည်။ ထိုအခါ စကြာဝဠာတသောင်း၌ ရှိကြသော နတ်တို့သည် စည်းဝေးကြ၍ ဘုရားအလောင်းတော် နတ်သားထံသို့ ရောက်လာကြပြီး အရိုအသေပြုလျှက် “အရှင်နတ်သားသည် လောကသုံးပါးမှ ကိုယ်တိုင် လွတ်မြောက်ကာ များစွာသော လူ, နတ်, ဗြဟ္မာ တို့ကိုလည်း လွတ်မြောက်စေရန်အကျိုးငှါ သဗ္ဗညုတ ဉာဏ်တော်ကိုသာ ပန်ထွာတောင့်တ၍ ထိုထို ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပါသည်။”

“အို...အလောင်းတော်မြတ် အရှင်နတ်သား ယခုအခါ ဘုရားဖြစ်ဖို့ရန် အချိန်တန်ပါပြီ။” “အရှင်နတ်သားသည် လူ့ပြည်လောက မယ်တော်ဝမ်းတွင် ပဋိသန္ဓေယူတော်မူပြီးလျှင် လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူကာ နတ်နှင့်တကွသော လူအပေါင်းကို သံသရာမှ ကယ်တင်၍ သေခြင်းကင်းရာ နိဗ္ဗာန်တရားကို ဟောကြား သိစေတော်မူပါလော့” ဟူ၍ တောင်းပန်စကား လျှောက်ထားကြလေသည်။ ဤသို့ စကြဝဠာပေါင်း တိုက်တသောင်းမှ အညီအညွတ် စည်းဝေးလာရောက် တောင်းပန်ကြသော နတ်ဗြဟ္မာအပေါင်းတို့အား အလောင်းတော် သေတကေတုနတ်သားသည် အဆောတလျင် ပဋိညာဉ် ဝန်ခံချက်ကို မပေးသေးပဲ ရှေးရှေးသော ဘုရားအလောင်းတော်တကာတို့ ကြည့်ရှုမြဲ ဓမ္မတာဖြစ်သည့်-

(၁) ဘုရားဖြစ်ရာ ခေတ်အခါကာလကို ကြည့်ရှုဆင်ခြင်ခြင်း၊

(၂) ဘုရားဖြစ်ပွင့်ရာ ကျွန်းကို ကြည့်ရှုဆင်ခြင်ခြင်း၊

(၃) ဘုရားဖြစ်ပွင့်ရာ အရပ်ဒေသကို ကြည့်ရှုဆင်ခြင်ခြင်း၊

(၄) ဘုရားအလောင်းတော်တို့ ဖြစ်တော်မူရာ အမျိုးအနွယ်ကို ကြည့်ရှုဆင်ခြင်ခြင်း၊

(၅) ဘုရားအလောင်း မယ်တော်၏ အရွယ်အပိုင်းအခြားကို ကြည့်ရှုဆင်ခြင်ခြင်း အားဖြင့် ကြည့်ခြင်း ငါးပါးတို့ကို ကြည့်တော်မူခဲ့လေသည်။

ဤသို့ ငါးပါးသောကြည့်ခြင်းတို့ကို ကြည့်ပြီး၍ “အို နတ်အပေါင်းတို့ ငါ့အား ဘုရားဖြစ်ဖို့ အချိန်တန်ပါပြီ” ဟု နတ်တို့အား ဝန်ခံခြင်း ပေး‌လိုက်သည်။ တသောင်းသော လောကဓာတ်မှ လာရောက် ကြသော နတ်, ဗြဟ္မာတို့လည်း ပြန်သွားကြလေသည်။ ထို့နောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်အပေါင်းခြံရံလျက် တုသိတာနတ်ပြည်ရှိ “နန္ဒဝန်” ဥယျာဉ်သို့ ဝင်ခဲ့လေသည်။ နန္ဒဝန်ဥယျာဉ်သို့ ဝင်ပြီးမှ စုတေခဲ့၍ “သိရိမဟာ မာယာ”မည်သော မိဖုရားဝမ်း၌ ပဋိသန္ဓေ ယူတော်ခဲ့လေသည်။