လွန်ခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတသိန်းထက်တွင် ဘုရားအလောင်းတော်သည် အမရဝတီ ပြည်၌ ကုဋေပေါင်းများစွာ ချမ်းသာကြွယ်ဝသော သုမေဓာအမည်ရှိ ပုဏ္ဏားသူဌေးသား ဖြစ်ခဲ့လေသည်။ မိဘများ သေဆုံးသွားသောအခါ ဘိုးဘွားစဉ်ဆက် ငွေကြေးဘဏ္ဍာတို့ကို ထိန်းသိမ်းရသော ဘဏ္ဍာထိန်း ပုဂ္ဂိုလ်က လာရောက်၍ ရွှေငွေရတနာ ဘဏ္ဍာစာရင်းဇယား ပိုင်ဆိုင်မှုအခြေအနေတို့ကို ဖတ်ကြားအပ်နှံ သည်။ ထိုအခါ အလောင်းတော်မြတ် သုမေဓာပညာရှိသည် ထိုထို ဥစ္စာတို့ကို “ဘိုး၊ ဘွားတို့နှင့်တကွ မိခင်ဖခင် ဘယ်သူကမျှ အနည်းငယ်သော ဥစ္စာတို့ကို ယူ၍မသွားနိုင်ကြပါလား”ဟူ၍ ဆင်ခြင်မိပြီး သံဝေဂရခဲ့၏။
ထို့ကြောင့် ကုဋေ (၁ဝဝ) မကသော ဥစ္စာတို့ကို စွန့်ကြဲ၍ အလှူကြီးပေးပြီးသော် ဟိမဝန္တာ အရပ်သို့ တောထွက်တော်မူပြီး ရသေ့ရဟန်းပြုသဖြင့် ဈာန်အဘိညာဉ်တို့ကို ရတော်မူခဲ့လေသည်။ တရံသောအခါ ဈာန်အဘိညာဥ်တန်ခိုးဖြင့် ကောင်းကင်မှ ကြွသွားလေသော် အမရဝတီ ပြည်သူ ပြည်သားတို့သည် မြူးရွှင်လန်းဆန်းစွာဖြင့် မြေ, သဲတို့ကို သယ်၍ ခရီးလမ်းပြင်ဆင်နေကြသည်ကို မြင်လေသည်။ ထိုအခါ သုမေဓာရှင်ရသေ့သည် ကောင်းကင်မှ ဆင်းသက်၍ “ဘယ်သူများ သွားလာဖို့ ခရီးလမ်း ပြင်ဆင်နေကြတာပါလဲ”ဟု မေးလေ၏။ ပြည်သူတို့ကလည်း “ဒီပင်္ကရာမြတ်စွာဘုရား ကြွတော် မူမည်ဖြစ်၍ ပြေပြစ်ချောမွေ့စေရန် ခရီးလမ်းကောင်း ပြင်ဆင်နေကြပါသည်” ဟု ပြန်လည် လျှောက်ထား ကြလေသည်။
သုမေဓာရှင်ရသေ့လည်း “ဤလောက၌ ဘုရားဖြစ်တော်မူပြီ”ဟု ကြားရလျှင် ဝမ်းမြောက်မှုတို့ဖြင့် တကိုယ်လုံးပင် ပီတိဖြာ၍ “ငါ့ကိုလည်း လမ်းပြင်ဖို့ နေရာပေးပါ”ဟု တောင်းလေသည်။ လူတို့သည် ရသေ့၏ တန်ခိုးကို မြင်ရပြီး၍ ရွံ့ညွန်ထူထပ်သော နေရာကို ပေးသည်။ အလောင်းတော်မြတ် သုမေဓာ သည် တန်ခိုးတို့ကို အသုံးမပြုပဲ ပကတိခွန်အားကို အသုံးပြုကာ ပေါက်တူး ခြင်းတောင်းတို့ဖြင့် မြေ, သဲတို့ကို တူးယူသယ်ဖို့လေသည်။ ထိုသို့ လမ်းပြုပြင်မှု မပြီးခင်မှာပင် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် နောက်ပါ သံဃာ လေးသိန်းနှင့်တကွ အမရဝတီပြည်သို့ ဆွမ်းဘုဉ်းပေးရန်အတွက် ကြွတော်မူလာရာ သုမေဓာရသေ့ လမ်းပြုပြင်ရာနေရာသို့ ရောက်တော်မူခဲ့သည်။
သုမေဓာရသေ့က ဒီပင်္ကရာမြတ်စွာ ဘုရားရှင်နှင့်တကွ နောက်ပါ သံဃာ လေးသိန်းတို့အား ရွံ့ညွှန်များ မပေကြံစေရန်အတွက် မိမိခန္ဓာကိုယ် ကို တံတားခင်း၍ လျှောက်နင်းကြွသွားစေပါသည်။ ထိုကဲ့သို့ အသက်နှင့်တကွ ခန္ဓာကိုယ်ကို မငဲ့မကွက် စွန့်လွှတ်ပြီး၍ ကြီးမြတ်သော စိတ်ဓာတ်တော်ဖြင့် သဗ္ဗညုဘုရားဆုကို ပန်ဆင်တော်မူခဲ့လေသည်။ ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သုမေဓာရှင်ရသေ့အား နောင် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း လွန်လျှင် ဂေါတမဗုဒ္ဓ အမည်ဖြင့် ဘုရားဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ် ပေးသနားတော်မူလေသည်။ ထိုအခါ နတ်, ဗြဟ္မာတို့သည် ရှေးဘုရားအလောင်းများကဲ့သို့ နိမိတ်သြဘာသတို့ကို မြင်သိသည့်အတိုင်း သုမေဓာရှင်ရသေ့ကို ပြောကြားကြလေသည်။
ဘုရားလောင်းတော်သည် ဒီပင်္ကရာမြတ်စွာဘုရားရှင် မိန့်မြွက်တော်မူသည်နှင့် နတ်တို့၏စကား ဤနှစ်ပါးသော စကားတို့ကို ကြားရ၍ အလွန်အမင်း နှစ်လို အားရ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူခဲ့လေသည်။ ဘုရားလောင်းတော် သုမေဓာရှင်ရသေ့သည် သဗ္ဗညူတဘုရားအဖြစ်ကို ပြုတတ်ကုန်သော တရားတို့ကို မိမိကိုယ်တိုင်ပင် ထိုမှဤမှ စူးစမ်းဆင်ခြင်ကြည့်တော်မူရာ ရှေးဦးစွာ ဒါနပါရမီကို မြင်တော် မူလေသည်။
ဤသို့လျှင်
ဒါနပါရမီ၊
သီလပါရမီ၊
နေက္ခမပါရမီ၊
ပညာပါရမီ၊
ဝီရိယပါရမီ၊
ခန္တီပါရမီ၊
သစ္စာပါရမီ၊
အဓိဋ္ဌာနပါရမီ၊
မေတ္တာပါရမီ၊
ဥပေက္ခာပါရမီ
ဤ (၁၀) ပါးသော တရားတို့ကို အစဉ်အတိုင်း မြင်တော်မူသည်။ ထို(၁ဝ)ပါးသော ပါရမီတို့ကို အယုတ်, အလတ်, အမြတ်အားဖြင့် (၃ဝ)သော ပါရမီတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်မှသာ ဘုရားအဖြစ်သို့ရပေလိမ့်မည်” ဟု နှလုံးပြုတော်မူ၍ ဘုရားအဆောက်အအုံ ဖြစ်သော ပါရမီတော်တို့ကို မနေမနား လုံ့လပြု ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့လေသည်။